ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ မတ် ၂၉ ရက်

Wednesday, April 16, 2025 - 17:00

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ မတ် ၂၉ ရက်

          ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှား မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး တို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ငလျင်ဒဏ်သင့်ဒေသအသီးသီး၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ငလျင်ဒဏ်သင့်နေရာများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ကေလာကျေးရွာအုပ်စု၊ နှင့် နန့်ပန်ကျေးရွာအုပ်စု၊ နန့်ပန်ကျေးရွာရှိ အလိုတော် ပေါက်ဘုရား၊ သာလေးကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာရှိ ဖောင်တော်ဦးဘုရား စသည့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်နေရာများ၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ အဆောက်အဦ၊ မန္တလေးတက္ကသိုလ်ရှိ အဆောက်အဦများ၊ ဦးလှသိန်းဓမ္မဗိမာန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းရှိ လမ်း/ တံတားများ၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့ရှိ ဝေဠုဝန်ရိပ်သာကျောင်းတိုက်၊ တောင်ငူမြို့နယ်အတွင်းရှိ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ကန်သာဗလီဝတ်ပြုကျောင်း၊ သမိုင်းဝင် မဟာအောင် မြေရှိ ကောင်းမှုတော်စေတီတော်မြတ်ကြီးနှင့် သမိုင်းဝင်လောကမာရဇိန် နန်းတော်ဦး စေတီတော်မြတ်ကြီးတို့၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက် ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့  ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအလိုက် ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သည့် စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံ တက်ရောက် ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။