မြန်မာနိုင်ငံတွင် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီနှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြား
နေပြည်တော်၊ မတ် - ၂၉
မြန်မာနိုင်ငံတွင်၊ မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် မီတာ ၂၀ ခန့်အကွာကိုဗဟိုပြုပြီး ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့မှု များနှင့် ပတ်သက်၍ အကူအညီများပေးအပ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နေ့လည် ပိုင်းတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီနှင့် ဖုန်းဖြင့်ဆက်သွယ်ပြော ကြားသည်။
ထိုသို့ပြောကြားရာတွင် ဦးစွာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မိမိတို့အိန္ဒိယ တစ်နိုင်ငံလုံးအနေဖြင့် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သော ကြောက်မက်ဖွယ်ဆိုးရွား သည့် ငလျင်လှုပ်ခတ်ခဲ့မှုသတင်းကိုကြားသိခဲ့ရသည့်အတွက် အိန္ဒိယနိုင်ငံသားများ အားလုံးအနေဖြင့် မြန်မာနိုင်ငံ၏ ထိခိုက်ပျက်ဆီးဆုံးရှုံးခဲ့ရမှုများအပေါ် များစွာကြေကွဲ ဝမ်းနည်းရပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ယခုကဲ့သို့ မိမိတို့နိုင်ငံနှင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းပြောကြား ပေးသည့်အတွက် များစွာကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ အိန္ဒိယနိုင်ငံ ပြည်သူ များ၏ စာနာထောက်ထားမှုများအတွက်လည်းများစွာကျေးဇူးတင်ရှိပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က လက်ရှိအခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရာနိုင်ငံတော်ဝန်ကြီးချုပ်က “ကျွန်တော်တို့ အခုတော့ထပ်မံလှုပ်ရှားမှုတော့ မရှိတော့ပါဘူး၊ သို့သော်လည်းပဲ Follow up လှုပ်တဲ့ငလျင်ငယ်လေးတွေတော့ လှုပ်ပါ တယ်၊ ကျွန်တော်အခု ငလျင်အဓိကဗဟိုချက်လှုပ်ခဲ့တဲ့မန္တလေးမြို့ကိုရောက်နေပါ တယ်၊ လက်ရှိသေဆုံးသူ ၁၀၀၂ ယောက်ရှိပါတယ်၊ ဒဏ်ရာရတဲ့သူ ၂၄၀၀ လောက် ရှိပါတယ်၊ ပျောက်နေတဲ့သူတွေတော့ရှိနေပါသေးတယ်၊ တိုက်တွေကြားထဲမှာ ပိနေတဲ့သူတွေ၊ ပျောက်နေတဲ့သူတွေတော့ကျန်ပါသေးတယ်၊ ဒါတွေလည်း ကျွန်တော် တို့ဆယ် တင်ရေး လုပ်ငန်းတွေလုပ်နေပါသေးတယ်၊ ဒီထက်ပိုနိုင်ဖို့အလား အလာတော့များပါတယ်၊ အဖြစ်အများဆုံးကတော့ လက်ရှိကျွန်တော်ရောက်နေတဲ့ နေရာက အများဆုံးဖြစ်ပါတယ်၊ အဆွေတော်ရဲ့ အခုလိုအားပေးစကားပြောတာ ရယ်၊ သတင်းဌာနတွေမှာလည်း အဆွေတော်တို့ဘက်ကနေပြီးတော့ ကယ်ဆယ်ရေးပစ္စည်း တွေနဲ့ လူတွေလွှတ်ပြီဆိုတာကိုလည်းသိရတဲ့အတွက် ကျွန်တော်အားရှိပါတယ်၊ ကျွန်တော်တို့ ပြန်လည်ကယ်ဆယ်ရေးလုပ်ငန်းပဲ အဓိကထားပြီးလုပ်နေပါတယ်၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်တာတွေကိုကျွန်တော်တို့လုပ်နေပါပြီ၊ ရန်ကုန်- နေပြည်တော်နှင့် မန္တလေးတို့အား ဆက်သွယ်ရေးလမ်းကြောင်းပြန်လည်ပြုပြင်ရေး လုပ်ငန်းများကိုလုပ်နေပါပြီ။”
ယင်းနောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က “ယခုကဲ့သို့မြန်မာနိုင်ငံတွင်ဖြစ်ပေါ် နေသည့် အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားပေးသည့် အတွက်ကျေးဇူးတင်ရှိပါကြောင်း၊အဆွေတော်တို့အနေဖြင့်လက်ရှိကာလတွင် ခက်ခက် ခဲခဲရင်ဆိုင်ကျော်ဖြတ်နေရသည်ကို နားလည်သဘောပေါက်ပါကြောင်း၊ မိမိတို့အိန္ဒိယ နိုင်ငံတွင်လည်း ၂၀၀၁ ခုနှစ်က အလားတူပြင်းထန်သည့်ငလျင်လှုပ်ခတ်ခဲ့ပြီး ထိခိုက် ပျက် ဆီးဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့်လက်ရှိကာလတွင် လူ့အသက် များနှင့် ပိုင်ဆိုင်မှုများဆုံးရှုံးခဲ့ရသည့်မြန်မာနိုင်ငံသားများအနေဖြင့် တကယ့်ကိုခက်ခဲ သည့်အခြေအနေကို ကျော်ဖြတ်နေရသည်ကို မိမိအနေဖြင့်အပြည့်အဝနားလည်ပြီး မိမိတို့အနေဖြင့် မြန်မာနိုင်ငံသားများနှင့်အတူတကွ စာနာထောက်ထားမှုအတူရှိနေပြီး အဆွေတော်တို့နှင့်အတူ အခိုင်အမာရပ်တည်လျက်ရှိပါကြောင်း” ဖြင့် ပြောကြားသည်။
၎င်းနောက်ဆက်လက်ပြောကြားရာ၌ ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်ထားသည့် လေယာဉ် သည် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီဖြစ်ပြီး လာမည့်ရက်များမှာလည်း မြန်မာနိုင်ငံဘက် မှလိုအပ်သည့် ကူညီမှုများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ကူညီကယ်ဆယ်မှုများကိုဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံတွင် အသင့် စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးအကူအညီပေးရေးအဖွဲ့ များကိုလည်း မြန်မာနိုင်ငံသို့ဆောလျင်စွာ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံဘက်မှလိုအပ်ချက်များကို မိမိတို့ထံအသိပေးအကြောင်းကြား၍ အိန္ဒိယနိုင်ငံ အနေဖြင့် ဖြစ်နိုင်သမျှအကူအညီများအားလုံးကိုပေးအပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့အခက်အခဲများကိုဖြတ်ကျော်နေချိန်တွင် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့်အတူတကွရှိနေသည်ကို ထပ်မံပြောကြားလိုကြောင်း၊ အိန္ဒိယ နိုင်ငံသည်မြန်မာနိုင်ငံနှင့်ညီရင်းအစ်ကိုနိုင်ငံများဖြစ်သဖြင့် မြန်မာနိုင်ငံ၏လိုအပ်ချက် များကို မိမိတို့အနေဖြင့်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် မကြာမီအချိန် ကာလ အတွင်း တွေ့ဆုံဆွေးနွေးနိုင်မည်ဟုမျှော်လင့်ပါကြောင်းဖြင့်ပြောကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ယခုကဲ့သို့ကူညီဆောင်ရွက်ပေးမှုများနှင့် အားပေးမှုများအတွက်များစွာ ကျေးဇူး တင်ရှိပါကြောင်း၊ မကြာမီကာလအတွင်း အဆွေတော်ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြားဆွေးနွေးရန်ကိစ္စရပ်များကို ဆွေးနွေးနိုင်မည်ဟုယုံကြည်ကြောင်း၊ ယခုကဲ့သို့ အားပေးကူညီမှုများအတွက် ကျေးဇူးတင်ရှိသည်ကိုထပ်လောင်းပြောကြား လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။