နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြား
နေပြည်တော်၊ မတ် - ၂၉
မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက် အစောပိုင်းတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ရဟတ်ယာဉ်များဖြင့် ဦးစွာ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို တင်ပြကြရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ များကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ၌ အမြန်ဆုံး ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို စစ်ဘက်၊ အရပ်ဘက်မှ ဆေးမှူးပါရဂူများဖြင့် အမြန်ဆုံးဆောင် ရွက်ပေးသွားရန်လိုကြောင်း၊ သေဆုံးခဲ့ရသူများကိုလည်း ကောင်းမွန်စွာဖြင့် သင်္ဂြိုဟ်ခြင်း များ ဝိုင်းဝန်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရန် အခက်အခဲရှိသူများကိုလည်း ကိုဗစ် -၁၉ ဖြစ် ပေါ်စဉ်ကကဲ့သို့ နေထိုင်ရန်နေရာများကို တာဝန်ရှိသူများက သက်ဆိုင်ရာနေရာများအလိုက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အန္တရာယ်ရှိ အဆောက်အဦများကိုလည်း အမြန်ဆုံး စနစ်တကျရှင်းလင်းမှုများ ဆောင်ရွက်သွားရန်လို ကြောင်း၊ ယခုဖြစ်စဉ်ကို သင်ခန်းစာယူ၍သက်တမ်းရင့်အဆောက်အဦများအား အရည် အသွေးစစ်ဆေးခြင်း၊ အဆောက်အဦသစ်များ ဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်ရည် စံ နှုန်းများနှင့်အညီ တည်ဆောက်စေရေးတို့ကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်လို ကြောင်း၊ ငလျင်ဒဏ်သင့်ဒေသများ၌ ရေ၊ မီး နှင့် နေထိုင်ရန်နေရာများ အဆင်ပြေမှုရှိစေ ရေး၊ စားသောက်မှု အဆင်ပြေစေရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးများအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်းများကို အမြန်ဆုံးကောင်း မွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် နန်းမြို့ရိုးတစ်လျှောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရမှု အခြေအနေများ၊ မန္တလေး မြို့အတွင်း အဆောက်အဦနှင့် လမ်းများပျက်စီးခဲ့ရမှု၊ မန္တလေး တက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုနှင့် မီးလောင်ပျက်စီးခဲ့ရမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာ ဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြိုကျပျက်စီးနေသည့် အဆောက်အဦများ အတွင်း ပိတ်မိနေသူများအား အမြန်ဆုံးရှာဖွေဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ပြန် လည်ဆယ်တင်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်သွား ရန်၊ သင်ကြားရေး၊ ကျန်းမာရေးအဆောက်အဦများအပြင် အဆောက်အဦသစ်များ ပြန်လည်တည်ဆောက်ရာ၌ မြန်မြန်ဆန်ဆန်နှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်အဟောင်းနေရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆေးကုသမှုဆောင်ရွက်ပေးနိုင်ရေးအတွက် ယာယီဆေးရုံနှင့် ကယ်ဆယ် ရေးစခန်းဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နန်းမြို့ရိုးအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အဦများဖြစ်သော ပဟိုရ်စင် နှင့် စွယ်တော်စင် တို့အားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။ ထို့ နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် စည်ရှည်တံခါးအနီး မြို့ရိုးနှင့် နန်းမြို့ရိုးတစ်လျှောက် ထိခိုက်ပျက်စီးနေမှု အခြေ အနေများအားလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိကြပြီး ငလျင် ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေးနေမှု များကို ကြည့်ရှု၍ အားပေးစကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အမြန်ဆုံးဆောင်ရွက်ပေးသွားနိုင်ရေး ကျန်းမာ ရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်း၍ လျင်လျင် မြန်မြန်ဆောင်ရွက်သွားရန်၊ ဆေးကုသမှုခံယူရာတွင် နေရာအခက်အခဲဖြစ်ပေါ်နေမှုအား တပ်မတော်ဆေးရုံများနှင့် ယာယီဆေးရုံများ၌ ရွှေ့ပြောင်းကုသမှုပေးနိုင်ရေးဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ချမ်းအေးသာစံမြို့နယ်၊ ၇၃ x ၃၀ လမ်းထောင့်ရှိ ယာယီနေထိုင်ရေး စခန်းသို့ရောက်ရှိကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာ ကြားသည်။ ယင်းနောက် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မှ ထောက်ပံ့လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံးများ ပေးအပ် ကာ ရင်းရင်းနှီးနှီးအားပေးစကားပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်တန်ဆောင်း ပြိုကျပျက်စီးနေမှု အခြေအနေများနှင့် စစ်ကိုင်း-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား(အင်းဝ) ရထားလမ်းကူးတံတား ပြိုကျပျက်စီးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး မန္တလေး-မြစ်ကြီးနား ဆက်သွယ်ထားသောရထားလမ်းသည် ယခုရထားလမ်း တစ်ခု တည်းသာရှိသဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ် သို့ ရောက်ရှိကြပြီး ငလျင် ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော် ဩဝါဒါစရိယ အကျိုးတော်ဆောင်ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာ တော် ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ ၏ မိန့်ကြားတော်မူများကို နာယူကာ ရေ၊ မီး ကိစ္စများ အဆင်ပြေ စေရေး၊ ပြိုကျပျက်စီးဆဲအဆောက်အဦများအား ဘေးပတ်ဝန်းကျင် ဘေးအန္တရာယ် မရှိစေရေးအတွက် အမြန်ဆုံးဖယ်ရှားရှင်းလင်းခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၊ တိုးချဲ့ဆောင်သို့ ရောက်ရှိကြပြီး လေးထပ်တိုးချဲ့ဆောင် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးနေမှုနှင့် အပျက်အစီးများအကြား ပိတ်မိနေသည့် စာဖြေသံဃာတော်များအား ရှာဖွေကူညီရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ရေးတာဝန်ရှိသူများကို မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အောင်မြေသာဇံမြို့နယ်ရှိ Sky Villa နေရာသို့ ရောက်ရှိကြပြီး ငလျင် ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ အများအပြားဖြစ်ပေါ်ခဲ့မှုအခြေအနေများကို ကြည့် ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန် ဆုံးဆောင်ရွက်ပေးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် သေဆုံး၊ ဒဏ်ရာရနှင့် ပျောက်ဆုံးစာရင်း များကို တိကျစွာရရှိနိုင်ရေး ဆက်လက်စိစစ်ကောက်ယူသွားရန်လိုကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူများကို ဆေးရုံ၊ ဆေးခန်းများ၊ ယာယီဆေးရုံများအားလုံး ဖြန့်ခွဲ၍ မြန်မြန် ဆန်ဆန်ဆေးဝါးကုသမှုဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ တပ်ဘက်၊ အရပ်ဘက် ဆေး ရုံများအားလုံး၊ ကျန်းမာရေးဝန်ထမ်းများအားလုံးက တက်ညီလက်ညီဖြင့် ဖိဖိစီးစီး ဆောင် ရွက်ပေးသွားနိုင်ရန်လိုကြောင်း၊ ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် ပြိုကျ ပျက်စီးနေဆဲ အဆောက်အဦများကို အမြန်ဆန်ဆုံး စနစ်တကျဖြင့် ဖယ်ရှားရှင်းလင်း နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာလျင် ဘေးပတ်ဝန်းကျင်၌လည်း ဘေးအန္တ ရာယ်ကင်းရှင်းစေမည်ဖြစ်ကြောင်း၊ ယာယီနေထိုင်ရေးနေရာများ၌ နေထိုင်နေရသူများကို လည်း စနစ်တကျရှိစေရေး ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့ရသည့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးကို မူလလက်ရာမပြတ် အမြန်ဆုံးပြန်လည် တည် ဆောက်နိုင်ရန်လိုပြီး ခိုင်ခံ့မှုရှိရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိသည့် ဒီဇိုင်းဖြစ်စေရေး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများ အတွက် စားရေး၊ နေရေးနှင့် အခြားလူမှုကိစ္စရပ်များ အဆင်ပြေစေရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်လမ်းတံတားများ၊ နိုင်ငံပိုင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို မိမိတို့အနေဖြင့် အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ငွေ ကြေးအင်အား၊ လူအင်အား၊ ယာဉ်ယန္တရားအင်အား များစွာကို သုံးစွဲဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ သန့်ရှင်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း မြန်မြန် ဆန်ဆန်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရာတွင်လည်း ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများအားလုံး၊ ရသင့်ရထိုက်သူများ အား လုံး ရရှိစေရေး စနစ်တကျ စာရင်းပြုစုဆောင်ရွက်သွားရန်လိုကြောင်း၊ စာရင်းများ မထပ် စေရေးနှင့် ကျန်နေခဲ့ရသူများ မရှိစေရေး မျှမျှတတဖြစ်စေရေး တာဝန်ရှိသူများအားလုံးက ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ထူထောင် ရေးဆိုင်ရာကိစ္စရပ်များကို များစွာဆောင်ရွက်သွားရမည်ဖြစ်ပြီး ဦးစားပေးအဆင့် အလိုက် အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူ များက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေ အနေများ၊ ပြန်ကြားရေးနှင့် အသိပညာပေးရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းရပ် များအလိုက် လိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး မန္တလေးမြို့အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးနေမှုအခြေအနေများနှင့် စစ်ကိုင်းတံတား(အင်းဝ) ရထားလမ်းကူးတံတား ပြိုကျပျက်စီးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ငလျင်ဘေးဒဏ်ကြောင့် လေယာဉ်ပြေးလမ်း အနည်းငယ်ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ကာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပျက်စီးနေသည့်နေရာများအား အမြန် ဆုံးပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြား သည်။
လက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၃၄၀၈ ဦး၊ ပျောက်ဆုံးနေသူ ၁၃၉ ဦးဖြစ်ကြောင်းနှင့် အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိ သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း တို့သည်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာ များအား လိုက်လံကြည်ရှု၍ လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွား
Wednesday, April 16, 2025 - 17:00