ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ပြောကြားချက်
နေပြည်တော်၊ မတ် - ၂၈
မိဘပြည်သူများခင်ဗျာ။
မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်းပဲ ဒီနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ အချို့ဒေသတွေမှာ ငလျင်လှုပ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကတော့ မန္တလေးမြို့ ရဲ့အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာမှာ ဗဟိုပြုပြီးတော့ မြေအောက် ၁၀ ကီလိုမီတာအနက်မှာ လှုပ်တယ်လို့ ကျွန်တော်တို့သိရပါတယ်။ လှုပ်တဲ့အဆင့်ကတော့ ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိကြောင်းနဲ့ အဲ့ဒီငလျင်က အလွန်ပြင်းထန်တဲ့ငလျင် တစ်ခုဖြစ်ကြောင်းလည်း သိရှိရပါတယ်။ နောက်ဆက်တွဲငလျင်များလည်း ဆက်လက် လှုပ်ရှားခဲ့တာရှိပါတယ်။
ဒီလှုပ်ရှားမှုကြောင့် ထိခိုက်ပျက်စီးမှုတွေကတော့ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ နေပြည်တော်တို့မှာ ပျက်စီးမှုများပြားပါတယ်။ ယခုအချိန်အထိသတင်းပို့ချက်အရတော့ နေပြည်တော်ကောင်စီနယ်မြေမှာ ၉၆ ယောက်၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်၊ ကျောက် ဆည်မြို့မှာ ၃၀ ယောက် စုစုပေါင်း ၁၄၄ ယောက် သေဆုံးကြောင်းနဲ့ ဒဏ်ရာရတာ ကတော့ နေပြည်တော်ကောင်စီနယ်မြေမှာ ၄၃၂ ယောက်၊ စစ်ကိုင်းမြို့မှာ ၃၀၀ ယောက်နဲ့ ကျောက်ဆည်မြို့မှာ စိစစ်ဆဲဖြစ်ပြီး အားလုံးပေါင်း ၇၃၂ ယောက် ဒဏ်ရာ ရရှိတယ်လို့ ကျွန်တော်တို့သိရပါတယ်။ သေဆုံးမှုနဲ့ဒဏ်ရာရရှိမှုကတော့ ဒီထက် တိုးလာ စရာ ရှိပါ တယ်။ အချို့နေရာတွေမှာလည်း တိုက်တွေ ပြိုကျတဲ့အတွက်ကြောင့် ဒီတိုက်တွေ ကိုလည်း ပြန်ပြီးတော့မှ ဆယ်တင်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ လုပ်နေဆဲဖြစ်ပါ တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်။ မိဘပြည်သူ များ အနေဖြင့်လည်း သဘာဝဘေးကြောင့်ဖြစ်လာတဲ့ ဒီငလျင်ဒဏ်ကို ကယ်ဆယ်ရေး လုပ်ငန်းတွေ ကျယ်ပြန့်စွာလုပ်ဖို့ရှိတဲ့အတွက်ကြောင့် တတ်နိုင်သလောက် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။
ကျွန်တော့်အနေနဲ့လည်း ဖြစ်ပွားတဲ့ဒေသအားလုံးကိုလည်း အရေးပေါ်အခြေအနေ ကြေညာထားပြီးတော့ ပြည်ပအကူအညီများ ပေးနိုင်ဖို့လည်း အကုန်လမ်းဖွင့်ပေးထားပြီး ဖြစ်ပါတယ်။ မကြာသေးမီကပဲ AHA စင်တာကနေပြီးတော့ မနက်ဖြန်မှာ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဖို့နဲ့ အိန္ဒိယနိုင်ငံကလည်း မနက်ဖြန်မှာ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဖို့ ကမ်းလှမ်းလာတာရှိတဲ့အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို မြန်မာ နိုင်ငံအတွင်းမှာရှိတဲ့ ရဟန်း၊ ရှင်လူ မိဘပြည်သူ မည်သူမျှမဆို လာရောက်ကူညီနိုင်ဖို့ ကျွန်တော် ဖိတ်ကြား လိုပါတယ်။ ကျေးဇူးတင်ပါတယ်။