အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၄၄ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၃၉ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း နေပြည်တော် မတ် ၂၈
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံ များသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - မယ်ထော်သလေး နယ်မြေမှ အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၄၄ ဦး ကို ယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၃၉ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းနိုင်ခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှု လုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည့် စာရင်းဇယား အချက်အလက် များ၊ အထောက်အထားများ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို မှာကြားသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် Mr. Liu Ning Ning နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေး ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။
အလားတူ မြဝတီမြို့ ကျောက်ခတ် နယ်မြေသို့ တရားမဝင် လမ်းကြောင်း များမှ တစ်ဆင့်ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၃၉ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၂၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၈၇၀၉ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၃၀၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၄၀၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း နှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး အထူး သဖြင့် မြန်မာနိုင်ငံ၏နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်း ကစားမှုနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများအား အမျိုးသားရေးအသွင်ဖြင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်း ဖော်ထုတ် အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။