သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခြင်း နေပြည်တော်၊ မတ် - ၂၈

Wednesday, April 16, 2025 - 16:30

          ယနေ့ ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့ကြောင်း တိုင်းထွာရရှိ သည်။

          အဆိုပါပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည် တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ကြေညာလိုက်သည်။

          နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား အလျင် အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာဆောင် ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ လိုအပ်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိ စေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

          အချိန်မီရရှိလာသောသတင်းများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ကအချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ကောလဟလများအပေါ် သတိထားဆင်ခြင်နိုင်ပါရန်နှင့် သဘာဝ ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ ဒေသ ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါရန် တိုက်တွန်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ