နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားများကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီးကျင်းပပြုလုပ်ကြသည်။
အဆိုပါ စစ်ရေးပြအခမ်းအနားသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့်တာဝန်ရှိသူများက တက်ရောက် မိန့်ခွန်းပြောကြားကာ စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ထို့နောက် နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်(ကြည်း၊ရေ၊လေ)အားကစား ပြိုင်ပွဲများ၊ သင်တန်းများတွင် ဆုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြသူများနှင့် အဆင့် တိုးမြှင့်ခြင်းခံရသည့် စစ်သည်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆင့်တံဆိပ်များ၊ ဂုဏ်ထူးဆောင်လက်မှတ် များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တပ်မတော်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။ ညပိုင်းတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ များကို တိုင်းစစ်ဌာနချုပ်များအလိုက် အသီးသီးပြုလုပ်ခဲ့ကြသည်။
အလားတူ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များတွင်လည်း နှစ်(၈၀)ပြည့်တပ်မတော်နေ့ စစ်ရေးပြအခမ်း အနားများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။