နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးအားလက်ခံတွေ့ဆုံ နေပြည်တော်၊ မတ် -၂၈

Wednesday, April 16, 2025 - 16:30

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်း အနားသို့ တက်ရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Col. Gen. Aleksandr Vasilyevich FOMIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Kubarovich AZIZOV ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူ့ရေးရာကောင်စီ ဥက္ကဋ္ဌ Mr. Pavel Nikoleaevich GUSEV ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံစစ်သံမှူး နှင့် ရုရှားနိုင်ငံမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ နှစ်(၈၀)ပြည့်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့မှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံစုံတီးဝိုင်းအဖွဲ့မှလည်း မြန်မာနိုင်ငံသို့ လာရောက်၍ ဂုဏ်ပြုဖျော်ဖြေတင်ဆက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံမှ လှိုက်လှဲစွာကြိုဆိုပါကြောင်းပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ မိမိနှင့်ကိုယ်စားလှယ်အဖွဲ့များအား မြန်မာ နိုင်ငံ၏ နှစ်(၈၀)ပြည့်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားခဲ့သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုကဲ့သို့ တက်ရောက်ခွင့်ရသည့်အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံအကြား ရှည်ကြာသည့်သံတမန်ဆက်ဆံမှုရှိပြီး ကောင်းမွန် တိုးတက်သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက် ကောင်းမွန်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ်သွားရောက်စဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံအကြား  ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား တပ်မတော်(ရေ) မှစစ်ရေယာဉ်များ ချစ်ကြည်ရေးခရီးများအပြန်အလှန်လည်ပတ်လျက်ရှိမှု အခြေအနေ များ၊ စစ်ဘက်နည်းပညာနှင့် အာကာသနည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ အတွက်လိုအပ်သည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး စစ်ဘက်နှင့် အရပ်ဘက်ပညာတော်သင်များ ရုရှားနိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှုအခြေအနေ များ၊ နိုင်ငံတကာတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးလျက်ရှိ သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက် ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိမှုနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ကာကွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးနယ်ပယ်များသာမက အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုများကို နှစ်ပေါင်းများစွာ တိုးတက်ခိုင်မြဲကောင်းမွန်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးအား နှစ် (၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ် ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးက  နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးချုပ်ထံ လက်ဆောင်ပစ္စည်းများ ပေးအပ် ကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။