၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင်ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကွဲ-လွိုင်မွေလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့တွင် ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လမ်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒေသခံပြည်သူများ ကိုယ်စား လွိုင်မွေဒေသခံ အာခါတိုင်းရင်းသား အကြီး အကဲက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ ကျောင်းလမ်း၊ ကွေ့ကြီးရပ်ကွက်ရှိ ပါရမီလမ်းနှင့် ဇေယျာလမ်း၊ ရုံးကြီးရပ်ကွက်ရှိ ရေမိန်လမ်းနှင့် သလ္လာရပ်ကွက်ရှိ ဗိုလ်တစ်ထောင်လမ်းတို့ကို နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်ပွဲကို ဒေါနခြံရပ်ကွက်၊ ကျောင်းလမ်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အဆိုပါလမ်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ်များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။