နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ မတ် - ၂၅

Tuesday, March 25, 2025 - 12:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘီလာရုစ်သမ္မတနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်၍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့မှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် မတ်လ ပထမအပတ်အတွင်းသွား ရောက်ခဲ့ကြောင်း၊ ထိုသို့သွားရောက်စဉ်အတွင်း ဘီလာရုစ် သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို၏ ဖိတ်ကြားချက်အရလည်း နိုင်ငံတော် အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဘီလာရုစ်သမ္မတနိုင်ငံသို့ တစ်ပါတည်း သွားရောက်ခဲ့ကြောင်း။
ခရီးစဉ်အတွင်း ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေး နွေးမှုနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံအကြားပူးပေါင်း ဆောင်ရွက်မှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက် မှုများကိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလားတူမြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု များတိုးတက်အောင်ဆောင်ရွက်လိုသည့် စိတ်ရှိသည်ကို တွေ့မြင်သိရှိခဲ့ရကြောင်း၊ အလားတူလွှတ်တော်များမှ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံလွှတ်တော်များသို့ မြန်မာနိုင်ငံမှလေ့လာရေးအဖွဲ့များ စေလွှတ်နိုင်ရေးကိစ္စရပ် များကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ စိန့်ပီတာစဘတ်နှင့် နိုဗိုစီဗစ်မြို့များသို့လည်း ရောက်ရှိခဲ့ပြီး ဒေသအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များ၊ ခရီးသွားကဏ္ဍတိုးတက်ရေး၊  သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ရေးကဏ္ဍများကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အာသသိပ္ပံဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။
အလားတူ ဘီလာရုစ်သမ္မတနိုင်ငံသို့သွား ရောက်စဉ်ကာလအတွင်း သမ္မတ မစ္စတာ  အလက်ဇန္ဒားလူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သိပ္ပံနှင့်နည်းပညာဆိုင် ရာပူးပေါင်းဆောင်ရွက်မှုများ၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာများ၊ ဆေးနှင့်ဆေးဝါးထုတ်လုပ် ရေးဆိုင်ရာများ၊ ပညာရေးကဏ္ဍမြှင့်တင်ရေးဆိုင်ရာများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သဘောတူညီ ချက်များရရှိခဲ့ကြောင်း၊ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘီလာရုစ်သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ် တစ်ခုဖြစ်ခဲ့ကြောင်း။
ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု
လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်း ပနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူချိန် ၂ နှစ် တာကာလ အတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် စဉ်းစားဆောင်ရွက် ခဲ့သော်လည်း ကိုဗစ်-၁၉ အလွန်ကာလဖြစ်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်မှုလိုအပ်နေ သည့် အချိန်ဖြစ်ခြင်းကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းအားဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့်ကောက်ယူရရှိသည့် မြို့နယ် များရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန်ကျန်ရှိသည့် မြို့နယ်များ လည်းရှိနေသေးကြောင်း၊ ကောက်ယူရရှိသည့်စာရင်းများအပေါ်မူတည်၍ ဆန္ဒမဲပေးနိုင် သည့် အသက် ၁၈ နှစ်နှင့်အထက်လူဦးရေစာရင်းကို ကောက်ယူရရှိထားပြီးဖြစ် ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲအား ယခုနှစ်ဒီဇင်ဘာလတတိယပတ်နှင့် စတုတ္ထ ပတ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့အတွင်း ကျင်းပပြုလုပ်ရန်လျာထား ကြောင်း၊  ယခင်ရွေးကောက်ပွဲများတွင် မဲလက်မှတ်များကို အသုံးပြု၍ကောက်ယူခဲ့ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲလက်မှတ်များအသုံးပြု၍ ရွေးကောက်ပွဲ ဥပဒေနှင့် မညီညွတ်သော ကြိုတင်မဲပေးမှုများ၊ မဲလက်မှတ်ရိုက်နှိပ်မှုများ၊ ဥပဒေနှင့် မညီသောအမိန့်နှင်ညွှန်ကြားချက်များ၊ ပြင်ဆင်မှုများကိုပြုလုပ်ခဲ့ခြင်းကြောင့် မဲမသမာ မှုများနှင့် မဲစာရင်းများမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကိုအားလုံးသိရှိပြီးဖြစ်ကြောင်း၊ အဆိုပါတွေ့ကြုံခဲ့ရသည့်အတွေ့အကြုံအရ ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ နိုင်ငံတကာ တွင် ရွေးကောက်ပွဲကျင်းပမှုများကိုလေ့လာ၍ ငွေကြေးကုန်ကျမှုများသော်လည်း မိမိတို့နိုင်ငံနှင့်ကိုက်ညီပြီး မဲမသမာမှုပြုလုပ်ရန် မလွယ်ကူသည့် စနစ်ဖြစ်သော Electronic Voting Machine စနစ်ဖြင့် ဆန္ဒမဲပေးရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ မိမိတို့ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင် သရွေ့တစ်နေ့တည်းကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်တွင်ပြုလုပ်ရန်၊ ကြိုတင် ကြေညာရန်ပြဋ္ဌာန်းပါရှိကြောင်း၊ ထို့ကြောင့်ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ရက်အကန့် အသတ်ပြုလုပ်ထားခြင်းမရှိဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်း၌ ပါလီမန် ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများကြောင့် ရွေးကောက် ပွဲအား တစ်ကြိမ်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အထမြောက်သည့်အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်များကျင်းပရာတွင် အစည်း အဝေး အထမြောက်ခြင်းနှင့်ပတ်သက်၍ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များနှင့်ပတ်သက်၍လည်း အလားတူ ပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များသည် ဝန်ကြီးချုပ်များကို ရွေးချယ် ခန့်အပ်ရခြင်းဖြစ်သဖြင့် အရေးကြီးကြောင်း။
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Electronic Voting Machine များဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် အချိန်တိုအတွင်း ဆန္ဒမဲပေးနိုင်ခြင်းနှင့် မဲရလဒ်ရရှိခြင်းများ ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တစ်ရက်နှစ်ရက်အတွင်း မဲစာရင်းအား အတည်ပြုဆောင်ရွက်နိုင်ကြောင်း၊ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ် ၍ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ ကြိုတင်မဲ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာမှဆောင်ရွက်နေမှုများကိုလေ့လာ ဆောင်ရွက် လျက်ရှိကြောင်း၊ အချို့နိုင်ငံများတွင် ကြိုတင်မဲပေးခြင်းများကို ခွင့်မပြုထားကြောင်း၊ Electronic Voting Machine ဖြင့် ဆန္ဒမဲပေးခြင်းဖြစ်သဖြင့် ကိုယ်တိုင်မဲပေးရန် လိုအပ်ကြောင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်ပသို့တရားဝင်သွားရောက်လျက်ရှိသည့် ပြည်သူများ ၏ ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ ကြိုတင်မဲ ပေးခွင့်နှင့်ပတ်သက်၍ အားလုံးဝိုင်းဝန်းစဉ်းစားဆွေးနွေးကြစေလိုကြောင်း၊ မည်သို့ပင် ဖြစ်စေ လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီး ရန်လိုကြောင်း။
နိုင်ငံရေး ပါတီများနှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲဝင်ရောက်နိုင်ရန် ဥပဒေနှင့်အညီ ခွင့်ပြုပေးထားကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စည်းကမ်း သတ်မှတ်ချက်များ ကျော်လွန်သွားသဖြင့် ပယ်ဖျက်ခဲ့ရသည့် ပါတီများကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏အာဏာကို ဥပဒေအရ ခေတ္တထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်သည်ကို ဥပဒေကိုနားလည်သူများက လက်ခံကြပြီး နားမလည်သူများ၊ အာဃာတ တရားထား သူများက ငြင်းပယ်ခဲ့ကြကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ကြမည့်သူများအနေဖြင့် သိရမည်မှာ လွှတ်တော်ဟူသည် ဥပဒေပြုရေးကို ဦးစားပေးခြင်းပင်ဖြစ်ကြောင်း၊ ဥပဒေ ပြုရေးအာဏာအနေဖြင့် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ဥပဒေ ပြဋ္ဌာန်း၍ တစ်ခုနှင့်တစ်ခု အပြန်အလှန်ထိန်းကြောင်း ဆောင်ရွက်နေခြင်းပင်ဖြစ် ကြောင်း၊ အထူးသဖြင့် ပါတီနိုင်ငံရေးဆောင်ရွက်မည့်သူများအနေဖြင့် ဥပဒေကိုသိရှိ ရမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ယင်းအချက်ကို အလေးထားစဉ်းစားဆောင်ရွက် ရမည်ဖြစ်ကြောင်း။
၂၀၂၅ အလွန်ဖြစ်ပေါ်လာနိုင်မည့်အလားအလာများနှင့် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် သင်ခန်းစာယူဆောင်ရွက်နိုင်ရန် 
    ၂၀၂၅ အလွန်ဖြစ်ပေါ်လာနိုင်မည့်အလားအလာများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ တွင် လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်) ကို ကျင့်သုံး ခဲ့ကြောင်း၊ ယင်းဥပဒေကို ရေးဆွဲချိန်၌ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို မှီငြမ်း၍ လေ့လာရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို သွားခဲ့ခြင်းဖြစ် ကြောင်း၊ ယင်းအချိန်သည် ဒုတိယကမ္ဘာစစ်အလွန်ကာလဖြစ်ပြီး ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့ အားပြိုင်ခဲ့မှုများရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ဆိုရှယ်လစ် စနစ်ကို လက်ခံသည့်အုပ်စု၊ လစ်ဘရယ်အယူဝါဒပိုင်းကို လက်ခံသည့်အုပ်စုနှင့် ဒီမို ကရေစီကို သွားမည့်အုပ်စုဟူ၍ သုံးဖွဲ့ပြန်ကွဲသွားခဲ့ကြောင်း၊ သမိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် သင်ခန်းစာများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနှင့်ပတ်သက်ပါက မိမိတို့အနေ ဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ရွေးခြယ်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်ကို အမှန် တကယ် လျှောက်လှမ်းမည်ဆိုပါက နိုင်ငံရေးအကြောင်းကိုသိရှိနားလည်သူများ ဖြစ် ရန်လိုအပ်ပြီး အသိပညာ၊ အတတ်ပညာပေါကြွယ်ဝရန် လိုအပ်မည်ဖြစ်ကြောင်း။
 ၂၀၂၅ အလွန်တွင်နိုင်ငံရေးနှင့်ပတ်သက်လာပါက မိမိတို့အတွက် အလွန်ကြီးမား သည့်စိန်ခေါ်မှုများဖြစ်ပေါ် လာနိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင် မာမာ ဖြစ်စေရေးအတွက် မည်ကဲ့သို့ထိန်းကြောင်းဆောင်ရွက်သွားရမည်ကို စဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပထဝီအနေအထားအရလည်း မိမိတို့နိုင်ငံအနေဖြင့် သဘောသဘဝမတူညီသည့် အင်အားကြီးနိုင်ငံကြီးနှစ်ခုအကြားတွင် နယ်နိမိတ်ထိစပ် တည်ရှိနေပြီး ပထဝီအနေအထားအရ စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေရခြင်းပင်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ ပထဝီအနေအထားအရ စိန်ခေါ်မှုများစွာရှိ နေသည်ကို သိရှိနေရမည်ဖြစ်ကြောင်း။

ပညာရေးနှင့်ပတ်သက်၍ မဖြစ်မနေပြုပြင်ပြောင်းလဲရမည်
    ယင်းအနေအထားတွင် မိမိတို့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အသိပညာ၊ အတတ်ပညာပေါကြွယ်ဝရေးကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ လူဦးရေသည် ၅၁ သန်း ခန့်ရှိပြီး လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြနေ သူများ ဖြစ်ကာ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေသူများဖြစ်ကြောင်း၊ စာတတ် မြောက်ခြင်းနှင့် ပညာတတ်မြောက်ခြင်းရာခိုင်နှုန်းကို ခွဲကြည့်မည်ဆိုပါက စာတတ် မြောက်မှုသည် ၉၀ ရာခိုင်နှုန်းနီးပါးခန့်ရှိပြီး အတတ်ပညာ၊ အတန်းပညာ တတ်မြောက် မှုသည် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းထက် နည်းပါးသည်ကို တွေ့ရကြောင်း၊ ပညာရေးအရ အတတ်ပညာအရ အားနည်းသူများဖြင့် နိုင်ငံတော်ကို တည်ဆောက်မည်ဆိုပါက စိန်ခေါ် မှုများစွာကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်း” ကဖြစ်ပြီး ကျောင်းတက်ရောက်၍ ကြီးပြင်းခဲ့သူများနှင့် တက်ရောက်ခြင်းမရှိဘဲ ကြီးပြင်းခဲ့သူများသည် စိတ်ဓာတ်၊ စည်းကမ်းပိုင်းဆိုင်ရာများ၊ လူမှုပေါင်းသင်းဆက်ဆံ မှုများတွင် ကွာခြားသွားနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံရေးတွင် ပညာတတ် မြောက်ခြင်း၊ မတတ်မြောက်ခြင်းသည် နိုင်ငံရေးတည်ငြိမ်မှုအပေါ်တွင် သက်ရောက်မှုရှိ သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အတန်းပညာ အားနည်းခဲ့ သူများကို ပစ်ထား၍ရမည်မဟုတ်ဘဲ ကျောင်းပြင်ပပညာရေးနှင့် ဗဟုသုတ ရှာမှီးရေး အတွက် စာကြည့်တိုက်များ ဒေသအလိုက်ပြုလုပ်ပေးခြင်း၊ စာကြည့်တိုက် လုပ်ငန်း များကို အားပေးခြင်း၊ စာဖတ်ဝိုင်းများစီစဉ်ပေးခြင်း စသည့်ကျောင်းပြင်ပ ပညာရေးဖြင့် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်ချက်ရာခိုင်နှုန်းကို ကြည့်ပါကပျမ်းမျှ ၃၅ ရာခိုင်နှုန်းခန့်သာ အောင်မြင်သူရှိပြီး ၆၅ ရာခိုင်နှုန်းခန့်သည်အောင်မြင်မှုမရှိသည်ကို တွေ့မြင် ရကြောင်း၊ ၎င်းတို့အတွက်လည်း မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို စဉ်းစားပေးရန် လိုကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံတွင်လိုအပ်သည့်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီး  Polytechnic University များကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဖွင့်လှစ်ပေးခြင်း၊ အစိုးရနည်းပညာကောလိပ်များ၊  အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများဖွင့်လှစ်ပေးခြင်းများကို ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ထို့ပြင် လာမည့်နှစ်အတွင်း အခြေခံပညာအထက်တန်း အထိ ပညာသင် ကြားခဲ့သော်လည်း အခြေခံပညာအထက်တန်းစာမေးပွဲအောင်မြင်မှုမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် Polytechnic Institute များဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ ပထမဆုံးအနေဖြင့် နေပြည်တော်၌ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း တက္ကသိုလ်ဝင်တန်း အောင်မြင်မှုမရှိသေးသူများ တက်ရောက်နိုင်မည့် Polytechnic Institute တစ်နှစ် သင်တန်းမှစ၍ နှစ်အလိုက်သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး လာမည့်ပညာသင်နှစ် တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ထားရှိရန်လိုကြောင်း၊ သင်ကြားပေးမည့် ဆရာ၊ ဆရာမများခန့်အပ်ရေး သင်ထောက် ကူပစ္စည်းများဖြည့်တင်းရေးကိုလည်း ပြင်ဆင်ဆောင်ရွက်နေကြောင်း။
ထို့နောက် ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် “ဒါကတော့ ပညာရေးနဲ့ဆက်စပ် ပြီးတော့ လူသားအရင်းအမြစ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံရဲ့ ၂၀၂၅ အလွန်မှာဖြစ်လာနိုင် မယ့် အခြေအနေကို ရှင်းပြခြင်းပဲဖြစ်ပါတယ်။ ဒါက ပညာရေးအပိုင်းပေါ့။ မဖြစ်မနေ ကို ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ ပညာရေးအားနည်း တာလည်း မှန်ပါတယ်။ ပညာရေးအားနည်းတဲ့အတွက်ကြောင့် အစစအရာရာ ထိခိုက် စေတာကိုလည်း ငြင်းလို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ပညာရေးနဲ့ပတ်သက် ပြီး ပြုပြင်ပြောင်းလဲမှုရှိဖို့လိုပါတယ်။ ပြုပြင်ဖို့လိုပါတယ်။ ဒါကြောင့် မိဘပြည်သူများ အနေနဲ့လည်း ပညာရေးကို အားပေးကြဖို့၊ ပညာရေး၊ သင်ကြားရေးနဲ့ပတ်သက်လာရင် အနှောင့်အယှက် မပေးကြဖို့၊ ကလေးတွေကို ပညာရေးလမ်းကြောင်းပေါ်မှာ တင်ပြီး တော့မှ နိုင်ငံရဲ့တည်ဆောက်ရေး၊ ကျွန်တော်တို့သွားနေတဲ့ မျှော်မှန်းချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် လူသားအရင်းအမြစ်တွေအနေ နဲ့ ကိုယ့်ကလေးတွေပါအောင်လို့ လုပ်ပေးကြဖို့လိုတယ်ဆိုတာလေး ကျွန်တော်ပြော ချင်ပါတယ်”။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားမှု Video File အား ပြသသွားမည်ဖြစ်ပါသည်။)
ဆက်လက်ပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုသူ ၂ သိန်း ၂ သောင်းကျော်ရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှယခုနှစ်အထိ အများဆုံးဖြေဆိုသည့်နှစ်ဖြစ်ကြောင်း၊ နောင်နှစ်များတွင် ဖြေဆိုမှုနှုန်းမြင့်လာအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေး၏အရေးကြီးမှုကို မိမိမကြာခဏပြောကြားခဲ့ပြီး ပညာရည်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယခုကဲ့သို့အနှောင့်အယှက် ကင်းကင်းအောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့မှုအတွက် ပညာရေးဝန်ကြီးဌာနအပါ အဝင် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ နယ်မြေဒေသ၊ ကျေးရွာ၊ ရပ်ကွက်အလိုက် တာဝန်ရှိသူများအားလုံး၏ ဆောင်ရွက်ချက်များကို အလေးထား အသိအမှတ်ပြုကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။
ဈေးကွက်လိုအပ်ချက်ရှိသည့် ပြည်တွင်းထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်၍ စီးပွားရေးအားပေးမြှင့်တင်ရမည်
    စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်မည့် အရင်းအမြစ်ကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း အောင်မြင်အောင်လုပ်ဆောင်နိုင်ရန်အားနည်းလျက်ရှိကြောင်း၊ ဒေသတွင်း၌ ဈေးကွက် လိုအပ်ချက်ရှိသည့် ရာဘာနှင့် ရာဘာထုတ် ကုန်ပစ္စည်းများကို ပြည်တွင်းမှထွက်ရှိ သည့် ရာဘာအခြေခံကုန်ကြမ်းများကိုအသုံးပြု၍  အဆင့်မြင့်ကုန်ချောထုတ်လုပ် တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် မိမိတို့နိုင်ငံပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံ အနေဖြင့် လူဦးရေ(၁ ဒသမ ၄၂) ဘီလီယံကျော်၊ အိန္ဒိယနိုင်ငံအနေဖြင့် လူဦးရေ( ၁ ဒသမ ၄၆) ဘီလီယံကျော် အာဆီယံနိုင်ငံများလူဦးရေ(၆၈၇) မီလီယံကျော်၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံအနေဖြင့် လူဦးရေ (၁၇၃) မီလီယံကျော်ရှိပြီး ကမ္ဘာ့လူဦးရေထက်ဝက်နီးပါး နေထိုင်ကြကြောင်း၊ အားလုံးဖိနပ်စီးကြကြောင်း၊ ဖိနပ်အတွက် ရာဘာ၊ သားရေ လိုအပ်ချက်မည်မျှကြီး သည်ကို တွက်ကြည့်နိုင်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် မော်တော်ကားမျိုးစုံ ၁ သန်းခန့်၊ မော်တော်ဆိုင်ကယ်မျိုးစုံ ၅ သန်းခန့်ရှိပြီး အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် မြောက်များစွာရှိကြောင်း၊ ယင်းတို့အတွက် တာယာနှင့် ကျွတ်များစွာလို အပ်မည်ဖြစ်၍ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ကြောင်း။ 
အဝတ်အထည်နှင့် ချည်မျှင်နှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံသည် ဝါစိုက်ပျိုး သည့်နိုင်ငံတစ်ခုဖြစ်သဖြင့် ဈေးကွက်လိုအပ်ချက်ရှိပြီးဖြစ်သည့် ချည်မျှင်နှင့်အထည် အလိပ်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဝါကို အခြေခံသည့် စက်မှုလုပ်ငန်းကို သွားနိုင်ရေးကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊  မွေးမြူရေးလုပ်ငန်းများမှရရှိသည့် သားရေများဖြင့်လည်း တန်ဖိုးမြင့် အဝတ်အထည် များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရေထွက်သယံဇာတပစ္စည်းများနှင့် ပတ်သက်၍ လည်း ဈေးကွက်လိုအပ်ချက်ကြီးမားစွာရှိနေသည့်အတွက်  တိုးမြှင့်ထုတ်လုပ်တင်ပို့ နိုင်ရန်လိုကြောင်း၊ အခြားစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုလည်း ပြည်တွင်းစားသုံးမှု ဖူလုံအောင် ဒေသအလိုက်ဈေးကွက်လိုအပ်ချက်များကို စနစ်တကျတွက်ချက် မွေးမြူ ဆောင်ရွက်သွားရန်လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်များ အလိုက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်ပို့နိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေးသီးနှံများအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီခြင်းနှင့် သီးထပ်စွမ်းအားပြည့်မီခြင်း မရှိသည့်အတွက် လည်း နိုင်ငံတော်အနေဖြင့် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လျက်ရှိပြီး ဝင်ငွေထိခိုက် လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရေး အတွက် ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်း၌ ပင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီ၍ မည်မျှထိခိုက်မှုရှိသည်ကို တွက်ချက်ကြည့်ကြောင်း၊ စပါး၊ ပဲ၊ ပြောင်းစသည့် သီးနှံ ၁၀ မျိုး အားယခုစိုက်ဧကနှင့်ပင် ပန်းတိုင် ရည်မှန်းချက် မပြည့်မီသဖြင့် နိုင်ငံမှ ဝင်ငွေလျော့နည်းရရှိမှု အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ကျော်ရှိကြောင်း၊ သီးထပ်စိုက်ပျိုးမှုမရှိ၍ ဆုံးဆုံးမှုများပါထည့်တွက်ပါက ၁၉ ဘီလီယံ ခန့်ရှိကြောင်း။
    ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများနှင့်ပတ်သက်၍လည်း ထိုသို့လုပ်ဆောင်မှု များကြောင့် ပြည်တွင်း၌ အလုပ်သမားရှားပါးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ ပြည်ပသို့သွား ရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ လုပ်ကိုင်နိုင်မည့်လုပ်ငန်းခွင် များတွင် လုပ်ကိုင်မည်ဆိုပါကလည်း ကြီးပွားတိုးတက်နိုင်မည့်အခွင့်အလမ်းများရှိပြီး ဖြစ်သဖြင့် ပြည်ပသို့သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွင်း၌သာအလုပ်လုပ်ကြရန် လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ ပြည်တွင်း၌ လုပ်ကိုင်နိုင်ရေးအတွက်လည်း ၎င်းတို့ကို နည်းပညာများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ စက်မှုနည်းပညာများ စသည်တို့ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
    ကုန်ကြမ်းလိုအပ်မှုနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ဆန်၊ ပဲ၊ ပြောင်း စသည့် သီးနှံများကို ပြည်ပသို့ ကုန်ကြမ်းအတိုင်းတင်ပို့ကြကြောင်း၊ ပြောင်းကုန်ကြမ်း များကို တိရစ္ဆာန်အစာ၊ ပြောင်းကော်မှုန့် စသည်ကဲ့သို့သော တန်ဖိုးမြှင့်ကုန်ပစ္စည်းများ အဖြစ် ပြောင်းလဲတင်ပို့နိုင်မည်ဆိုပါက ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဆန်နှင့်ပဲကိုလည်း တန်ဖိုးမြှင့်ပို့ကုန်အဖြစ်ပြောင်းလဲတင်ပို့နိုင်ရန်လိုကြောင်း၊ အရည် အသွေးကောင်းမွန်သည့် ကုန်ချောများကို တင်ပို့ခြင်းဖြင့် ဈေးနှုန်းများလည်း ပိုမိုရရှိနိုင် မည်ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြားတိုးပွားလာပြီး စားရေး လိုအပ် ချက်သည် နေ့စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုး ရေးကို အဓိကထားပြီး ရပ်တည်နိုင်သည့်နိုင်ငံတစ်ခု ဖြစ်နိုင်သည်ဖြစ်သည့်အတွက် စနစ်တကျသုံးသပ်ရှုမြင်ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။ 
ကောင်စီအဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြ
ကောင်စီဝင်များနှင့် ကောင်စီတွဲဖက်အတွင်းရေးမှူးက မိမိတို့အစိုးရအဖွဲ့ ကျင်းပ ပေးမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲဆောင်ရွက်နိုင်ရေး၊ တည်ရှိပြီးနိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံ တင်ခြင်းနှင့် နိုင်ငံရေးပါတီအသစ်လျှောက်ထားခြင်းတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ အချိန်ပေးခြင်း၊ ပညာပေးခြင်း၊ အသိပေးခြင်း စသည့်လုပ်ငန်းစဉ်များအတိုင်း ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ပြီးဖြစ်သဖြင့် ဥပဒေအထက်၌ မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းမှ မရှိသင့်သဖြင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ရန်နိုင်ရေး၊ ယခုကျင်းပမည့် ရွေးကောက်ပွဲကို မည်သည့်စနစ်ဖြင့်ကျင်းပ မည်၊ မဲပေးရမည့်နည်းလမ်းများနှင့် မဲပေးနိုင်ခွင့်ရှိသူများအား ပြည်သူများကျယ်ကျယ် ပြန့်ပြန့် သိရှိအောင် ထုတ်ပြန်နိုင်ရေး၊ ကယားပြည်နယ်အတွင်း လက်နက်အားကိုးဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသူများကို ပြတ်ပြတ်သားသားချေမှုန်းပေး ရေးနှင့်  အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် ပြည်သူများ၏အိုးအိမ် များ ပြန်လည်ဆောက်လုပ်ရန် အခက်အခဲများရှိသဖြင့် တန်ဖိုးနည်းအိမ်ရာများ ပြန်လည်တည်ဆောက်ပေးရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စည်းကမ်းလိုက်နာမှုမြင့်မားစေရေး၊ ချင်း ပြည်နယ်ရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် အတွင်း ဝဥ တိုးချဲ့စိုက်ပျိုးပေးရေးနှင့် ဝဥ ကိုအခြေခံသည့် ကုန်ချောပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံတည်ဆောက်နိုင်ရေး၊ ကြိုတင်ဆန္ဒမဲနှင့်ပတ်သက်၍ ယခင်ရွေး ကောက်ပွဲများတွင် ပြဿနာများစွာရှိခဲ့သဖြင့် ကြိုတင်မဲပေးနိုင်မည့် သတ်မှတ်အရည် အချင်းများအတိုင်းသာ တိကျစွာဆောင်ရွက်၍ သတ်မှတ်နေရာ၊ သတ်မှတ်အချိန် တို့ဖြင့် စည်းစနစ်ကျစွာ ဆောင်ရွက်ရေး၊  ယခုနှစ်အတွင်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့သော မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်ကို နိုင်ငံတော်အဆင့် ကျင်းပရေး၊ အလားတူဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ရောက်နိုင်ရေးကြိုးပမ်းဆောင်ရွက် နေသည့် မြန်မာ့သနပ်ခါးနှင့်ပတ်သက်၍လည်း လှုံ့ဆော်မှုများ နိုင်ငံတော်အဆင့် ဆောင်ရွက်ရေး ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင် စိစစ်ဆောင် ရွက်ရန်လိုအပ်မှု၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်ပါတီများအနေဖြင့်လည်း ဥပဒေနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှု၊ ပါတီများမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ဥပဒေအထက်တွင်မည်သူမျှမရှိ၍ ဥပဒေအတိုင်းသာဆောင်ရွက်သင့်မှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက် နေမှု၊ ပြည်သူ့စစ်မှုထမ်းခေါ် ယူမှုများကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခင်ရွေး ကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရသည့်စနစ် (First Past The Post) FPTP စနစ်အပြင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေးလျာထားကြောင်း၊ အားလုံးသဘောတူညီဆုံးဖြတ်ပြီး က တစ်နိုင်ငံလုံးကိုအသိပေးမှုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နိုင်ရေး အချိန်ကာလအားဖြင့် ၉ လခန့်ကျန်ရှိပြီး ကြိုတင်ပြင်ဆင်ချိန်ပေးသွားမည်ဖြစ် ကြောင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲကိုမထိခိုက်သည့် စနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေး နိုင်ရန်လို ကြောင်း၊ ပါတီများမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးမှတ်ပုံတင်ခွင့် များကို အချိန်လုံလုံလောက်လောက်ပေး၍ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း။
မြန်မာလူမျိုးများ၏ စိတ်ဓာတ်မြှင့်တင်ရေးအတွက်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးရေးအတွက် အဆိုပါဒေသတွင် နေထိုင်သူများတွင်သာ တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသားများတွင် တာဝန် ရှိကြောင်း၊ မြန်မာ့တန်ဖိုးမြှင့်တင်ရန်အတွက် မြန်မာပြည်တွင်နေထိုင်ကြသည့် သူများ အားလုံးတွင်တာဝန်ရှိကြောင်း၊ ထို့ကြောင့်ရွေးကောက်ပွဲကျင်းပရန် ကြိုတင် ပြင်ဆင်သည့်ကာလအတွင်း လုံခြုံရေးကောင်းမွန်အောင်ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ မြန်မာများအားလုံးစည်းလုံးကြရန် မြန်မာ့တန်ဖိုးမြှင့်တင်ကြရန် လိုကြောင်းဖြင့်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။