ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ မတ် - ၂၄

Monday, March 24, 2025 - 12:30

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက် ကြသည်။
ဦးစွာဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်း အဝေးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားသည့် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏စီးပွားရေး ဦးတည်ချက်(၃)ရပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာန အသီးသီးနှင့် နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့က ကဏ္ဍအလိုက်၊ ဒေသအလိုက် ဦးစားပေးအသုံးစရိတ်များကို သတ်မှတ်သုံးစွဲကြရမည် ဖြစ်ကြောင်း။
    ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်အထောက်အကူပြုနိုင်သည့် အသုံးစရိတ်များ ဖြစ်သော အခြေခံအဆောက်အအုံဆိုင်ရာ လမ်းတံတား၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ပို့ဆောင်ဆက်သွယ်ရေး ကိစ္စရပ်များနှင့် ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးရေးအစရှိသည့် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲရမည်ဖြစ်ကြောင်း။
    နိုင်ငံတော်၏မူဝါဒအရ သုံးစွဲရမည့်အသုံးစရိတ်များ၊ ပြည်သူအတွက် အရေး တကြီးဆောင်ရွက်ပေးရန်လိုအပ်သည့် အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများစေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး တို့ကို အထောက်အကူပြုသည့် အသုံးစရိတ်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်နိုင်မည့် အသုံးစရိတ်များ ကို လိုအပ်ချက်နှင့်အညီ နိုင်ငံတော်က နှစ်စဉ်ခွင့်ပြုပေးလျက် ရှိကြောင်း။
    ဘဏ္ဍာရေးနှစ်အလိုက် လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရငွေရရှိမှု ၇၁ ဒသမ ၇၈ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၇၇ ဒသမ ၀၆ ရာခိုင်နှုန်း၊၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၉၆ ဒသမ ၁၀ ရာခိုင်နှုန်း၊ သုံးငွေ သုံးစွဲမှု ၈၄ ဒသမ၂၅ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၁၀၄ ဒသမ ၉၆ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၉၀ ဒသမ ၇၈ ရာခိုင်နှုန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၉၇ ဒသမ ၀၃ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၈၉ ဒသမ ၃၂ ရာခိုင်နှုန်း၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအထိ ရငွေရရှိမှု ၇၁ ဒသမ ၁၁ ရာခိုင်နှုန်း၊ သုံးငွေ သုံးစွဲမှု ၅၉ ဒသမ ၅၅ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရကြောင်း။
    ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း ရငွေလျာထားချက်ကို ပြည့်မီကျော်လွန်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အသုံးစရိတ် ခွဲဝေ လျာထားပေးသည့် ရန်ပုံငွေများကိုလည်း သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွက် အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးဖြစ်စေရေး စိစစ်ပြီး စီမံခန့်ခွဲသုံးစွဲရေးသည် သက် ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ တာဝန်ပင်ဖြစ်ကြောင်း၊ ပြည်သူများကို တိုက်ရိုက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှသာ နိုင်ငံတော်၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
    နိုင်ငံတော်၏ မက်ခရိုစီးပွားရေးအခြေအနေ တည်ငြိမ်မှုနှင့် ရေရှည်စီးပွားရေး တိုးတက်မှုရရှိစေရေး လိုငွေနှင့်ဂျီဒီပီအချိုးကို သင့်တင့်သည့်ပမာဏအတွင်း ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)ကို ကျပ် ၁၇၁,၄၉၈ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ရာခိုင်နှုန်း ရရှိရန် မျှော်မှန်းထားကြောင်း။
    ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုကို တည်ဆဲဥပဒေ များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ အချိန်မီပေးပို့တင်ပြနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန်လိုကြောင်းဖြင့် ပြော ကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က         မိမိအနေဖြင့် ဘတ်ဂျက်လိုငွေများ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရငွေပိုင်း တွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ အမှန်ရရှိနိုင်မည့် ရငွေပမာဏနှင့် အနီးစပ်ဆုံး တွက်ချက်လျာထားရေး၊ အသုံးစရိတ်ပိုင်းတွင် နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လေလွင့်မှုမရှိဘဲ အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်မည့် အသုံးစရိတ် များ၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့ကို အထောက်အကူပြုသည့် အသုံးစရိတ်များ ဖြစ်စေရေးအတွက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများအပေါ် ထပ်ဆင့်စိစစ်ခဲ့ကြောင်း၊ ထို့အတူ တိုင်းဒေသကြီး/ပြည်နယ်များ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများကိုလည်း သက်ဆိုင်ရာဌာနအဖွဲ့အစည်းများဖြင့် အဆင့်ဆင့် စိစစ်  ထားခဲ့သည်ကို တွေ့ရှိရကြောင်း။
ရငွေအပိုင်း လျာထားရာတွင် ရသင့်ရထိုက်သော ရငွေများ အပြည့်အဝရရှိရေး၊ အခွန်အခများနှင့်ပတ်သက်၍ ခေတ်ကာလနှင့် ဆီလျော်သော နှုန်းထားဖြစ်စေရေး၊ လျာထားငွေများအတိုင်း အပြည့်အဝကောက်ခံရရှိရေး၊ နှစ်ဟောင်းကြွေးကျန်များ ပြန်လည်ရရှိရေး၊ အမှန်တကယ်ရရှိနိုင်မည့် ပြည်ပချေးငွေ၊ ပြည်ပအကူအညီ ရငွေများ ဖြစ်စေရေးအတွက် စိစစ်လျာထားမှုပြုလုပ်ခဲ့ကြောင်း။
ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး၊ နေရပ်စွန့်ခွာပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများအတွက် အရေးပေါ်ရန်ပုံငွေကို ပြည်ထောင်စုတွင် ငွေကျပ် ဘီလီယံ ၂၀၀ ၊  နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ငွေကျပ် ၁ ဘီလီယံစီ ဖြင့် ငွေကျပ် ၁၅ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၂၁၅ ဘီလီယံ ခွင့်ပြုထားကြောင်း။
တိုင်းဒေသကြီး / ပြည်နယ်များသို့ ထောက်ပံ့ငွေအပါအဝင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၎င်းကို အခြေပြု၍ ရေးဆွဲထားသည့်  ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က သုံးသပ်ပြီး အတည်ပြုထောက်ခံ ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏  ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦး က ဥပဒေကြမ်းများနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာ အကြံပြုချက်များကို လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး က ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက် များနှင့် အကြံပြုချက်များကိုလည်းကောင်း အကြံပြု ဆွေးနွေးတင်ပြသည်။
၎င်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက အသီးသီးတင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘဏ္ဍာငွေများကို ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် အသုံးစရိတ်များ တိုးမြှင့် ပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ တိုးမြှင့်ပေးခြင်းမှာ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပါက နိုင်ငံ စီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဘက်ဂျက်များလျာထားရာတွင် အမှန်တကယ် အသုံးပြုနိုင်မည့် ပမာဏများကို လျာထားဆောင်ရွက်ကြရန်လိုကြောင်း။
ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိမည့်နေရာများ တွင် အသုံးချနိုင်ရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ဘက်ဂျက်ရငွေများကို အမှန်တကယ်ရရှိအောင်နှင့် သုံးငွေ များကို အမှန်တကယ်အကျိုးရှိသည့် နေရာများတွင်သာအသုံးပြုရန်လိုကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင် ကာကွယ်ရေးတပ်ဖွဲ့ များ၏ စွမ်းရည်နှင့်စွမ်းအားမြှင့်တင်နိုင်ရေးအတွက်လည်း ဘက်ဂျက်ငွေများသုံးစွဲ ရခြင်းများရှိကြောင်း၊ နိုင်ငံတကာတွင်လည်း အလားတူပင်ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စီမံကိန်းများသည် အချိန်တိုအတွင်း ဆောင် ရွက်၍မရဘဲ အချိန်ယူတည်ဆောက်ရသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိ တို့နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် တည်ဆောက်ဆဲစီမံကိန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ ပုဂ္ဂလိက တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့် ဘက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ ဝိုင်းဝန်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
ဘဏ္ဍာငွေသုံးစွဲရေးနှင့်ပတ်သက်၍ စနစ်တကျဖြင့် သုံးစွဲကြရန်လိုပြီး စီမံကိန်း များအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျဖြင့်ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မည်သည့်လုပ်ငန်းကိုဆောင်ရွက်သည်ဖြစ်စေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်စေရေး ဝန်ကြီးဌာနများအနေဖြင့် ကြပ်မတ်စစ်ဆေး ဆောင်ရွက်ကြစေလိုကြောင်း၊  မိမိတို့အနေဖြင့် စီမံကိန်းများ အောင်မြင်စေရေးစနစ်တကျဖြင့် တိုင်းပြည်နှင့်ပြည်သူအပေါ် စေတနာထား၍ ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို စိစစ် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း။
    ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍတွင် အသိပညာ၊ အတတ်ပညာများ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံ့စရိတ်များ ထောက်ပံ့ခြင်း၊ ဆရာ၊ဆရာမများအတွက်  အကျိုးခံစားခွင့်အတွက် ရရှိထားသည့် ဘွဲ့ များအလိုက် ချီးမြှင့်ငွေများ ထောက်ပံ့ခြင်းတို့ကို ခွင့်ပြုပေးထားကြောင်း။
    စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် စိုက်ပျိုးရေး နှင့် မွေးမြူရေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး လိုအပ်သည့်အသုံးစရိတ်များ၊ တက္ကသိုလ်အလိုက် ကျောင်းသား၊ ကျောင်းသူများအတွက် အပန်းဖြေဌာန (Recreation Center) တည်ဆောက်ခြင်း အသုံးစရိတ်များ၊ အလျင်အမြန်အကျိုးရလဒ် (Quick Win) ရရှိနိုင်မည့် ဆိုလာစနစ် ရေတင်စီမံကိန်း/လုပ်ငန်း အသုံးစရိတ်များ၊ လူမှုစီးပွားမြှင့်တင်ရေး အသုံးစရိတ်များလည်း ပါဝင်ကြောင်း။
    လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်း၊ တံတားများ တည်ဆောက်ခြင်းလုပ်ငန်း အသုံး စရိတ်များ၊ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများ အတွက် အသုံးစရိတ်များ ပါဝင်သည်ကိုလည်း တွေ့ရှိရကြောင်း။
    ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် ခွဲဝေချထားပေးသည့် အသုံးစရိတ်များကို နိုင်ငံတော်နှင့်ပြည်သူများ ၏ လိုအပ်ချက်နှင့်အညီ အကျိုးရှိသည့် အသုံးစရိတ်များဖြစ်စေရေး၊ လျာထားသည့် အသုံးစရိတ်များကိုလည်း အမှန်တကယ်အကောင်အထည်ဖော်ပြီး စံချိန်စံညွှန်း အပြည့် အဝနှင့်အချိန်မီပြီးပြတ်အောင် သုံးစွဲနိုင်ရေးနှင့်စာရင်းစစ်ဆေးမှုခံယူနိုင်ရေးတို့ကို တာဝန် ရှိသူအဆင့်ဆင့်က ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် လျာထားသည့်အတိုင်း ရငွေများအပြည့်အဝ ရရှိအောင် စီမံခန့်ခွဲကြီးကြပ် ဆောင်ရွက်သွားရန်လည်း အရေးကြီးသည်ကို မှာကြားလိုကြောင်း၊ ထို့ကြောင့် အခွန် အကောက်ရငွေများကိုလည်း တည်ဆဲအခွန်အကောက်ဆိုင်ရာ ဥပဒေများနှင့်အညီ အပြည့်အဝကောက်ခံရရှိနိုင်ရန် အထူးကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြော ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။