၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့အဖြစ် ဇီ၀ဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဆက်လက်ဖြေဆို နေပြည်တော်၊ ၂၀၂၅ မတ် - ၂၂

Saturday, March 22, 2025 - 06:15

          ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်တွင် စတင်ကျင်းပ လျက်ရှိရာ ယနေ့တွင် ဆဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူ များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့်အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် ဇီဝဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁၀ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၇၆၅ ခု စာစစ်ဌာန စုစုပေါင်း ၇၇၅ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၈၈၈၄၈ ဦးရှိပြီး  ဇီဝဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၅၄၃၆ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၆ ဒသမ ၁၆ ရာခိုင်နှုန်းရှိကြောင်းနှင့်  ဘောဂဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၄ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၈၀၄ ခု စာစစ်ဌာန စုစုပေါင်း ၈၀၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၃၁၉၉၅ ဦးရှိပြီး ဘောဂဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၃၀၁၈ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၃ ဒသမ ၂၀ ရာခိုင်နှုန်းရှိကြောင်းတို့ကို ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူ များ၊ နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။