ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- မယ်ထော်သလေးနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းလျက်ရှိရာ ယနေ့တွင် တရုတ်နိုင်ငံသား ၅၀ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁၀၀ ဦးနှင့် ကင်ညာနိုင်ငံသား ၂၂ ဦး တို့ကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးမည့် ပြည်ပနိုင်ငံသားများအား ကောင်းမွန်စွာ ထိန်းသိမ်းထားရှိမှုနှင့် ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၇၂ ဦးတို့၏ ကိုယ်ရေးအချက်အလက်များ၊ မှတ်တမ်းများ စာရင်းကောက်ယူနေမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စာရင်းဇယားအချက်အလက်များ မှန်ကန်ပြည့်စုံစေရေး၊ ထိန်းသိမ်း ထားသည့် ပြည်ပနိုင်ငံသားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ လွှဲပြောင်းပေး ရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် အမြန်ဆုံးစနစ်တကျ ပြန်လည်လွှဲပြောင်း ပေးနိုင်ရေး ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၈၀၄၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၅၁၄၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၉၅ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။
အဆိုပါ ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၈၀၄၂ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ အာဖရိက၊ တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်းနှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။