၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို ဆက်လက်ဖြေဆို နေပြည်တော်၊ မတ် - ၂၀

Thursday, March 20, 2025 - 05:45

            ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် ဓာတုဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁၂ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၈၀၁ ခု စာစစ်ဌာန စုစုပေါင်း ၈၁၃ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေး သွင်းသူဦးရေ စုစုပေါင်း ၁၉၅၆၀၃ ဦးရှိပြီး  ဓာတုဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၈၅၆၆၄ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၉၂ ရာခိုင်နှုန်းရှိကြောင်းနှင့်  ပထဝီဝင် ဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၆၇၃ ခု စာစစ်ဌာန စုစုပေါင်း ၆၇၄ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၅၂၄၀ ဦးရှိပြီး   ပထဝီဝင်ဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၈၄၆ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်းတို့ကို ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ ၊  တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှဝန်ကြီးချုပ်များနှင့်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။