၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်တွင် စတင်ကျင်းပ လျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ဦးစွာ စာမေးပွဲ ဖြေဆိုခြင်း မပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၃ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၀၄ ခု စာစစ်ဌာန စုစုပေါင်း ၈၁၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၂၀၈၄၃ ဦးရှိပြီး စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၅၈၀ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရ သည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှတာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ရေသန့်ဘူးများနှင့် အချိုရည်ဘူးများ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။