အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်  ဆက်စပ်ပါဝင်ခဲ့ကြသည့်   အင်ဒိုနီးရှားနိုင်ငံသား ၄၀၀ ဦးနှင့်  သီရိလင်္ကာနိုင်ငံသား ၁၄ ဦး၊ စုစုပေါင်း ၄၁၄ ဦးတို့အား  သက်ဆိုင်ရာနိုင်ငံများသို့  လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂

Monday, March 17, 2025 - 04:45

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်  ဆက်စပ်ပါဝင်ခဲ့ကြသည့်   အင်ဒိုနီးရှားနိုင်ငံသား ၄၀၀ ဦးနှင့်  သီရိလင်္ကာနိုင်ငံသား ၁၄ ဦး၊ စုစုပေါင်း ၄၁၄ ဦးတို့အား  သက်ဆိုင်ရာနိုင်ငံများသို့  လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၆၆ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

နေပြည်တော်၊ မတ် ၁၇

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ် သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်   ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့ တွင် အင်ဒိုနီးရှားနိုင်ငံသား ၄၀၀ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၄ ဦး စုစုပေါင်း ၄၁၄ ဦးတို့အား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၆၆ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းစဉ်များ  စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်စွက်မှာကြား သည်။

ထို့နောက်ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ  သီရိလင်္ကာနိုင်ငံ သံအမတ် E.A.S Wijayanthi Edirisinghe နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ် ခရိုင်၊ မဲဆောက်မြို့၊ ထိုင်း-မြန်မာမြို့နယ်အဆင့်နယ်ခြားကော်မတီဥက္ကဌ ဗိုလ်မှူးကြီး နတ်ထကော်န် ရယင်းတစ်နှင့် တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံသားကာကွယ် ရေးနှင့် ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး M . Judha  Nugrahaနှင့် တာဝန်ရှိသူများ၊ ထိုင်း နိုင်ငံ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေး ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

အလားတူ မြဝတီမြို့၊ KK Park နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၆၆ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့်   ကိုယ်ရေးအချက်အလက်များနှင့်  မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ  ပူးပေါင်းအဖွဲ့များဖြင့်  ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၁၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၆၈၆၅ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ  ၎င်းတို့အနက်မှ ၄၀၀၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၆၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး  အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့ အစည်းများ၊ အထူးသဖြင့် မြန်မာ-တရုတ်-ထိုင်းသုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု ပုံစံ(Trilateral Cooperation) တို့ဖြင့် စဉ်ဆက်မပြတ်  တက်ကြွစွာ   ဖော်ထုတ်အရေးယူမှုများ   ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။