ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု ဆောင်ရွက်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိ၊ လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်

Thursday, March 13, 2025 - 13:00

နေပြည်တော်၊ ၂၀၂၅ မတ်လ ၁၃ ရက်

          နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှုလုပ်ငန်းလုပ်ကိုင်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ ဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများ အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ အပါအဝင် အခြားဒုစရိုက်လုပ်ငန်းများမရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကြပ်ကြပ် စိစစ်ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်း မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့များက မတ်လ ၁၂ ရက်နေ့တွင် အဆိုပါမြို့နယ်ရှိ နားဟုတ်ကျေးရွာအုပ်စုအတွင်း ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ရာ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင် နေသည့် တရားမဝင်ပြည်ပနိုင်ငံသား ၁၆၅ ဦး၊ မြန်မာနိုင်ငံသား ၁ ဦးတို့ အား အလျား ၂၀၀ ပေ၊ အနံ ၆၀ ပေရှိ သွပ်မိုးခန်းမ ၁ လုံး၊ ၇ ခန်းတွဲ ယာယီလူနေ အဆောက်အဦ ၅ လုံး၊ လုပ်ငန်းသုံး ပရိဘောဂ ပစ္စည်းများ၊ StarLink ၂ စုံ၊ ဖုန်းမျိုးစုံ ၃၀ လုံး၊ All in One ကွန်ပျူတာ ၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများအား စနစ်တကျ စိစစ်ဆောင်ရွက် လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြည်ပနိုင်ငံသား များအား  လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော် ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ၏ နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။