မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြော ကြားသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာ စကားပြောကြားရာတွင် အထူးစီးပွားရေးဇုန်များကို အကောင်အထည် ဖော်ရာတွင် ၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားသည့် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေများကို အခြေခံပြီး ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံ၏ လက်ရှိ အခြေ အနေနှင့် ကိုက်ညီအောင်ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း။
လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေအရ နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များကို အကောင် အထည်ဖော်ရာတွင် စီးပွားရေးရှုထောင့်တစ်ခုတည်းမကြည့်ဘဲ နိုင်ငံရေးအနေဖြင့်လည်း ထည့်သွင်းစဉ်းစားသွားကြရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်၊ အနာဂတ်တွင် အကောင်အထည် ပေါ်လာမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များနှင့်ပတ်သတ်ပြီး နိုင်ငံရေး နှင့်ယှဉ်တွဲ၍ နိုင်ငံရေးနှင့် စီးပွားရေးပေါင်းစပ်ကာဆောင်ရွက်ကြရန် အဖွဲ့ဝင်များကို ပြောကြား လိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၃)ရပ် အနက် တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးသည် အဓိက အလေးပေးဆောင်ရွက်နေသည့် ဦးတည်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းဦးတည် ချက်များနှင့်အညီ အထူးစီးပွားရေးဇုန်များ ကလည်း အလေးထားဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်းတွင် အထူး စီးပွားရေးဇုန်များနှင့် သီးသန့်ဇုန်များထားရှိကြကြောင်း၊ ထိုသို့ ထားရှိကြရာတွင် နိုင်ငံများအလိုက် နည်းဥပဒေ၊ ဥပဒေများ ရေးဆွဲပြဌာန်းပြီး ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ အလားတူ နိုင်ငံ အတွင်း အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်နိုင်ရန် အတွက် ဖြေလျော့ မှုများ၊ မက်လုံးပေးခြင်းများ၊ ဆွဲဆောင်စည်းရုံးမှုများကိုလည်း နိုင်ငံအလိုက် ဆောင်ရွက်ကြ ရကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေ များတွင် ယင်းကိစ္စရပ်များကို သတ်မှတ် ပြဌာန်းထားပြီး ဖြစ်ကြောင်း။
မိမိ၏ အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု၌ မိမိတို့ ရင်းနှီးမြှုပ်နှံမှု၏ ဦးတည်ချက်ဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားသည့် ပို့ကုန်တိုးမြှင့်နိုင်ရေးသည် အဓိကဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များသို့ ရင်းနှီးမြုပ်နှံမှုများ စည်းရုံးဖိတ်ခေါ်ရာတွင် နိုင်ငံတကာသို့ တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း ထုတ်လုပ်သည့် ရင်းနှီးမြုပ်နှံမှုအား ဦးစားပေး ဖိတ်ခေါ်စေလိုကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ပို့ကုန် သွင်းကုန်အပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလ မှ ဇန်နဝါရီလ အထိ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၆၃ ဒသမ ၄၆၆ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၅၅၉ ဒသမ ၂၈၄ သန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏကို ကြည့်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၇၂၂ ဒသမ ၇၅ သန်းရှိခဲ့ကြောင်း၊ သို့သော် လည်း အိမ်နီးချင်းနိုင်ငံများရှိ အထူးစီးပွားရေးဇုန်များနှင့် နှိုင်းယှဉ်ပါက အင်မတန်နည်း နေသေးကြောင်း၊ သို့ဖြစ်၍ သီလဝါ အထူးစီးပွားရေးဇုန်၏ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ဇုန်၏အခြေအနေ၊ ပတ်ဝန်းကျင် နိုင်ငံများရှိ အထူးစီးပွားရေးဇုန်များ၏ အခြေအနေ များကို အမြဲတမ်းစိစစ်သုံးသပ်၍ မိမိအထူးစီးပွားရေးဇုန် ပိုမိုတိုးတက်လာအောင်၊ ပို့ကုန်နှင့် သွင်းကုန်များ၏ လိုငွေပြမှုကို အတတ်နိုင်ဆုံး နည်းပါး အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
အလားတူ အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် ကျောက်ဖြူ အထူး စီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များတွင်လည်း ပို့ကုန်တိုးမြှင့် ရေးအတွက် ပို့ကုန် များကို ဦးစားပေးထုတ်လုပ်မည့် လုပ်ငန်းရှင်များကို ရွေးချယ်ဖိတ်ခေါ်ရန် လိုကြောင်း၊ လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် တင်သွင်းမှုနှင့် တင်ပို့မှုကို ကြည့်မည်ဆိုပါက တင်သွင်းသည့် ကုန်ကြမ်းပစ္စည်းများ တွင် အများဆုံး လယ်ယာသုံးစက်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ရန် ကုန်ကြမ်းများ၊ ကားကုန်ကြမ်းအပိုပစ္စည်းများ၊ စည်သွပ်ဘူးထုတ်လုပ် ရန် ကုန်ကြမ်းများ ဖြစ်ကြောင်း၊ အလားတူ ပို့ကုန်များတွင် အများဆုံးသည် အဝတ်အထည်များ၊ ခွဲခန်း သုံးလက်အိတ်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ဆေးဝါးများနှင့် Speaker များ ဖြစ်ကြောင်း၊ တင်ပို့သည့် အပိုင်းတွင် ယခုထက် ပိုမိုတင်ပို့နိုင်အောင် စည်းရုံးတိုက်တွန်းရမည်ဖြစ်ပြီး သွင်းကုန် အပိုင်းတွင်လည်း တင်သွင်းလာသည့် ကုန်ပစ္စည်းများတွင် မိမိတို့၏ MSME လုပ်ငန်းက မည်မျှ သွင်းကုန်အစားထိုး ပေးနိုင်မည်ကို တစ်ဖက်ကလည်း MSME လုပ်ငန်းများနှင့် ချိတ်ဆက်ပေး ရမည် ဖြစ်ကြောင်း၊ ထိုသို့ ပြည်ပ သွင်းကုန် အစားထိုး ပြည်တွင်း MSME များနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျအောင်၊ ပြည်ပပို့ကုန်မြှင့်တင်အောင် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ မိမိ MSME လုပ်ငန်းမှ သွင်းကုန် အစားထိုးမည့် ကုန်ပစ္စည်းများ ပေးသွင်း ရာတွင် ပစ္စည်းအရည်အသွေး အဆင့်အတန်း မြင့်မားရန်လည်း လိုကြောင်း။
သီလဝါအထူးစီးပွားရေးဇုန်တွင် ကင်းလွတ်ဇုန် (Free Zone)နှင့် လုပ်ငန်း မြှင့်တင်ရေး ဇုန်(Promotion Zone) ခွဲခြားသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကင်းလွတ်ဇုန်(Free Zone) ရှိ လုပ်ငန်းများအနေဖြင့် နိုင်ငံခြားငွေကြေးဆိုင်ရာ အခက်အခဲများ မရှိသော်လည်း လုပ်ငန်းမြှင့် တင်ရေးဇုန် (Promotion Zone)တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အခြေအနေများအရ နိုင်ငံခြား ငွေကြေးဆိုင်ရာ အခက်အခဲအချို့ရှိနေကြောင်း၊ ယင်းအခက်အခဲအချို့ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရှိရကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျရန်အတွက် သွင်းကုန်ကုန်ကြမ်းများစွာ သက်သာစေမည့် MSME ထုတ်ကုန်လုပ်ငန်းများမှ သွင်းကုန်များများ အစားထိုးနိုင်ရန် ဝိုင်းဝန်အကြံပေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
MSME ထုတ်ကုန်လုပ်ငန်းများကို ချိတ်ဆက်ပေးပြီး အစားထိုးမှု ရရှိသည့် ဝင်ငွေပိုင်းကို ကြည့်မည်ဆိုပါက ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၅၉၆ သန်းနှင့် မြန်မာ ကျပ်ငွေ ၅၁ ဘီလီယံကျော်ရရှိခဲ့ကြောင်း၊ ယင်းအပေါ် ကျေနပ်မနေဘဲ MSME နှင့်ပတ်သက်၍ တာဝန်ယူထားသည့် Agency အဖွဲ့များ၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ရှိသူများအနေဖြင့် ယခုထက်ပိုမို၍ နိုင်ငံတော်အကြီးအကဲ ချမှတ်ထားသည့် မူဝါဒနှင့်အညီ မိမိတို့၏ MSME ထုတ်ကုန်များကို အထူးစီးပွားရေးဇုန်များ၏ သွင်းကုန်အစားထိုးမှုအပိုင်းတွင် ဖြည့်ဆည်းပေးနိုင်ရန်အတွက် အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ အခွန် ကောက်ခံမှုနှင့် စပ်လျဉ်း၍ အခွန်ရရှိသည့် ငွေမှာ ကျပ် ၉၃၅ သန်း၊ ကုန်သွယ်လုပ် ငန်းခွန် ငွေကျပ် ၉ ဘီလီယံ ကျော် ၊ ကြိုတင်ဝင်ငွေခွန် ငွေကျပ် ၂ ဒသမ၂ ဘီလီယံ နှင့် ဝင်ငွေခွန် ငွေကျပ် ၂ ဒသမ ၆၈ ဘီလီယံရှိသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ အတွင်း စာရင်းများအရ သိရှိရကြောင်း၊ One Stop Service ဆောင်ရွက်နေသည့် အဖွဲ့များသည် မိမိနိုင်ငံ၏ အကျိုးစီးပွား ၊ မိမိ၏ အခွန်ဘဏ္ဍာ အပြည့်အဝ ကောက်ခံရရှိမှု၊ ကုမ္ပဏီများ၏ မသမာမှုများမဖြစ်အောင် ဆောင်ရွက် ပေးနိုင်မှု အပေါ်မူတည်၍ရရှိသည့် အခွန်အခဝင်ငွေများ ပြည့်ပြည့်ဝဝရရှိအောင် ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။
အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားရေးမြှင့် တင်ရေးအတွက် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ချမှတ် ဆောင်ရွက် ရာတွင် MSME လုပ်ငန်းသည် အဓိကပါဝင်သကဲ့သို့ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန်အတွက် များစွာအထောက်အကူပြုရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးကိုလည်းများစွာ အထောက် အကူပြုနိုင်သည့် ဇုန်များဖြစ်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၏ အဓိက လိုအပ်ချက်သည်လျှပ်စစ် စွမ်းအား ပြည့်ဝရရှိရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့် သီလဝါအထူးစီးပွားရေးဇုန်တွင် မိမိအစီအစဉ်ဖြင့် တစ်ပိုင်တစ်နိုင် Solar Plant များဆောင်ရွက်ရန်အကြံပြုခဲ့ရာ မူလအစ စတင်ဆောင်ရွက်စဉ် ကီလိုဝပ် ရာဂဏန်းမျှသာရှိသော်လည်း အကျိုး ဖြစ်ထွန်းသည့်အတွက် လိုက်ပါဆောင်ရွက် ခဲ့ကြရာ ယနေ့စာရင်းဇယားများအရ တပ်ဆင်ပြီးပါက ထုတ်လုပ်မှုစွမ်းအား ၁၆ မဂ္ဂါဝပ်ကျော် နီးပါး ထုတ်လုပ်နိုင်တော့ မည်ဖြစ်ကြောင်း၊ တပ်မတော်တွင်လည်း ၂၀ မဂ္ဂါဝပ် Solar Plant အား တပ်ဆင်အသုံးပြုခဲ့ရာ အရင်းကျေကာလမှာ သုံးနှစ်ခွဲဖြစ်၍ မကြာမီ အရင်းကျေ ကာလရောက် ရှိတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တွက်ခြေကိုက်သည့်အပြင် ပိုလျှံသည့် လျှစ်စစ်ဓာတ်အား များအား နိုင်ငံတော်သို့ ပြန်လည်ရောင်းချနိုင်သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများ၊ လုပ်ငန်း ရှင်များသို့ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားတိုက်တွန်းဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ နောင်အကောင် အထည် ဖော်ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်များ တွင်လည်း တစ်ပိုင်တစ်နိုင် Solar Plant များ ဆောင်ရွက်နိုင်ရေး ထည့်သွင်း ဆွေးနွေးကြရန်လိုကြောင်း။
ဆက်လက်၍ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးလိုကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Conce ssion Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်တွင် ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ Concession Agreement ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် နေပြည်တော်တွင် စီမံကိန်း ကုမ္ပဏီနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ လက်မှတ်ရေး ထိုးခဲ့ပြီး Long Stop Date ကို သက်တမ်းတိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်တမ်း တိုးမြှင့်ထားသည့်ကာလသည် ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက်တွင် ပြည့်မြောက်မည် ဖြစ်သည့်အတွက် သတ်မှတ်ကာလမတိုင်မီ ၂ လ အလိုတွင် နှစ်ဦးနှစ်ဖက် လုပ်ငန်းများ ပြီးပြတ်အောင် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်သည့်အတွက် လုပ်ငန်းကော်မတီက ဆက်လက် ဆောင်ရွက် လျက်ရှိပြီး အခြားပါဝင်သည့် ကော်မတီများကလည်း လုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင် ကန့်သတ်ချက်များကြားမှ ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုကြောင်း။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ပထဝီနိုင်ငံရေးအရ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်အပြင် နိုင်ငံအတွက် အရေးကြီးပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုး များစွာ ဖြစ်ထွန်းနိုင်သည့်အတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Belt and Road စီမံကိန်းအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုမြှင့်တင် စေနိုင်မည်ဖြစ်ကြောင်း။
ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရမည် ဆိုပါက ထားဝယ်အထူးစီးပွားရေးဇုန်အနေဖြင့် SPV (Special Purpose Vehicle) ဖျက်သိမ်းရေး နှင့်ပတ်သက်ပြီး မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး ပီပြင်အောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ အခွင့်အလမ်းများ များစွာဖော် ဆောင်နိုင်ခဲ့သည့်အတွက် မကြာမီတွင် အရှိန်အဟုန်ဖြင့် အောင်မြင်ဖြစ်ထွန်းလာတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုချိန်ကပင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် လာရောက် ရင်းနှီး မြှုပ်နှံမည့်သူများ စိတ်ချမ်းသာစွာဖြင့် လုပ်ငန်းများအဆင်ပြေ ချောမွေ့ လျင်မြန်စွာ ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ထားကြရန် လိုကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် အီတာလျှံ-ထိုင်း ဆောင်ရွက်သည့် ကိစ္စများပြီးမြောက် သွားသော် လည်း ဥပဒေကြောင်းအရ ဆက်လက်ရှင်းလင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို အဆင်ပြေ ချောမွေ့စွာဖြင့် သက်ဆိုင်ရာ ဥပဒေပညာရှင်များဖြင့် လုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက် သွားရန်အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် လာရောက်ရင်းနှီး မြှုပ်နှံသူအပါအဝင် သုံးဦးသုံးဖလှယ် Win- Win Situation ဖြစ်ရန်ဆောင်ရွက်သွားကြရန်လိုကြောင်း။
ဆက်လက်၍ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် အစည်း အဝေးဖြစ်သည့်အတွက် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြပေးရန်၊ အထူးစီးပွားရေးဇုန်အလိုက် ဖြစ်ပေါ် တိုးတက်မှုများနှင့် ရှေ့လာမည့်ကာလများတွင် ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများက တင်ပြပေးရန်နှင့် ဇုန်အလိုက် အနာဂတ်အတွက် ကြိုတင်ပြင်ဆင် မှုများ၊ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ထားမှသာ အချိန်မရွေး လာရောက်ရင်းနှီး မြှုပ်နှံ သူများနှင့်လုပ်ငန်းများ အခက်အခဲမရှိ ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဝင်များကလည်း အထူးစီးပွား ရေးဇုန်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး(၁) ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မြန်မာအထူးစီးပွားရေးဇုန်များ၊ နိုင်ငံတော်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း ထားဝယ်အထူး စီးပွားရေး ဇုန်နှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ် များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး (၂) စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က မြန်မာအထူး စီးပွားရေးဇုန်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပထမအကြိမ် အစည်း အဝေးဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးသို့တင်ပြသည့် အမှာစာများကို ဖတ် ကြားတင်ပြကြပြီး အတည်ပြုချက် ရယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက အကြံပြုချက်များနှင့် အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင် ရွက်နေမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး က မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယ အကြိမ်အစည်းအဝေး ဆုံးဖြတ်ချက် မူကြမ်းကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက် ရယူသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေး တင်ပြ ချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ မတ် ၁၁
Tuesday, March 11, 2025 - 11:15