နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံကနိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးဖိတ်ခေါ်ချက်အရ ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံကို ဒီလ ၃ ရက်နေ့ကနေ ဒီနေ့ ၉ ရက်နေ့အထိ တစ်ပတ်ကြာခရီး သွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီထုတ်လွှင့်ခဲ့တဲ့အတွက် မီဒီယာအားလုံးလည်း ဘာတွေဆောင်ရွက်ခဲ့တယ်၊ ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာ သိပြီးသား ဖြစ်မှာဖြစ်ပါတယ်။ ဒါတွေကိုကျွန်တော် အကျယ်ချဲ့မပြောချင်တော့ဘူး။ အဓိကကတော့ နိုင်ငံ့အတွက် ဘာအကျိုးအမြတ်ရှိခဲ့လဲဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ဘာတွေရှိခဲ့လဲ ဆိုတော့ နံပါတ်တစ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ ကဏ္ဍသုံးရပ်အနေနဲ့ ကျွန်တော် ခွဲပြောမှာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီး အာမခံချက်ရခဲ့တာက ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေက ယခင်ကတည်းက နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့တာဖြစ်တယ်။ အခုလည်းဆက်လက်ရပ်တည်သွားမယ်ဆိုတဲ့ ခိုင်ခိုင်မာမာ အာမခံချက်ရရှိခဲ့တယ်။ နံပါတ်နှစ်အချက်က ကျွန်တော်မြန်မာနိုင်ငံမှာ အားလုံးသိတဲ့အတိုင်းပဲ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီးတော့ အစောဆုံးသည် ဒီဇင်ဘာလနောက်ဆုံးအပတ်၊ နောက်အကျဆုံးသည် ဇန်နဝါရီလ ဒုတိယအပတ်လောက်မှာဖြစ်မယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေအပြင် ကျန်တဲ့နိုင်ငံတကာတွေက ထောက်ခံပေးပါတယ်။ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေက ထဲထဲဝင်ဝင် ထောက်ခံပေးတဲ့အပြင် လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေလည်း လွှတ်ပေးမယ်ဆိုတဲ့ ခံယူချက်မျိုးရရှိခဲ့တယ်။ ပြည်သူတွေအနေနဲ့ ဝမ်းသာစရာ က ကျွန်တော်တို့သည် ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွှဲမသွေ ပြန်သွားမယ်။ မလွှဲမသွေဆောင်ရွက်ပေးမယ်။ ဒါသည်အောင်မြင်ခဲ့တဲ့နိုင်ငံရေးနဲ့ ပတ်သက်တာ ဖြစ်ပါတယ်။
စီးပွားရေးကဏ္ဍနဲ့ပတ်သက်ရင် ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတို့သည် ကျွန်တော်တို့နိုင်ငံထက် နည်းပညာမြင့်မားတာတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့စက်မှုစီးပွားကိုသွားမယ့် နိုင်ငံလို့ သတ်မှတ်ထားတယ်။ ဒီလိုမျိုး လုပ်နိုင်ဖို့ ကျွန်တော်တို့မှာ အခွင့်အလမ်းကောင်းတွေရှိတယ်။ ရုရှားလိုနိုင်ငံမျိုးနဲ့မပြောသေးဘူး။ မြန်မာရဲ့ အကျယ်အဝန်းထက် ဘီလာရုစ်နိုင်ငံသည် သုံးပုံတစ်ပုံလောက်ပဲကျယ်ဝန်းတယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တယ်။ ဒါ့အပြင် ဘီလာရုစ်နိုင်ငံသည် လူဦးရေ အများဆုံး၉ ဒသမ ၁ သန်း ပဲရှိတယ်။ သို့သော် သူရဲ့စိုက်ပျိုးရေးကဏ္ဍတစ်ခုထဲကနေရရှိတဲ့ GDP က ၉ ဘီလီယံ နီးပါးထိ ရရှိတယ်။ အဲဒီမှာ ကြည့်လိုက်တော့ သူသည်လယ်ယာစိုက်ပျိုးမှုဧရိယာက မြန်မာနိုင်ငံထက် နည်းတယ်။ ဒါ့အပြင် ကန့်သတ်ချက်တွေလည်းရှိပါတယ်။ အခုချိန်မှာဘယ်လာရုစ်နိုင်ငံရဲ့ ရာသီဥတုက ညပိုင်းမှာဆိုရင် အနှုတ်(- ၃ )ဒီဂရီစင်တီဂရိတ်၊ (-၄ )ဒီဂရီစင်တီဂရိတ် လောက် ရှိတယ်။ တချို့နေရာတွေမှာလည်း အမြဲတမ်းအေးနေတယ်။ စိုက်ပျိုးဖို့အတွက် မြေ ကန့်သတ်ချက်၊ ရာသီဥတုကန့်သတ်ချက်တွေရှိတယ်။ ဒီလိုမျိုးနိုင်ငံတောင်ဖြစ်ထွန်းရင် ကျွန်တော်တို့လို ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်တဲ့ နိုင်ငံက မဖြစ်ထွန်းစရာအကြောင်းမရှိပါဘူး။ လိုအပ်နေတာက ခေတ်မီတဲ့ စိုက်ပျိုးမွေးမြူရေးစနစ်ဖြစ်တယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့တာရှိတယ်။ ခေတ်မီတဲ့စိုက်ပျိုးမွေးမြူရေးစနစ်က လိုအပ်ချက်တွေအများကြီး ရှိပါတယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေရဲ့လိုအပ်နေတဲ့ ဓာတ်မြေဩဇာလိုအပ်ချက်တွေ၊ ဒီဓာတ်မြေဩဇာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး နိုင်အောင်ဆောင်ရွက်လျက်ရှိတယ်။ စာချုပ်တွေချုပ်ဆိုခဲ့တာရှိတယ်။ ဒါ့အပြင် ဓာတ်မြေ ဩဇာနဲ့ပတ်သက်ပြီး လိုအပ်ချက်ဆိုရင်မြန်မာနိုင်ငံမှာစက်ရုံတည်ဖို့ ဖိတ်ခေါ်ခဲ့တာရှိတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့လည်း ဓာတ်မြေဩဇာစက်ရုံတည်ဆောက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာအဓိကအရေးပါတဲ့ စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကြီး ၃ ခုရှိတယ်။ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်ဆိုတဲ့ရေနက်ဆိပ်ကမ်းတို့ဖြစ်တယ်။ ထားဝယ်ရေနက် ဆိပ်ကမ်းသည် ရပ်ဆိုင်းနေတာကြာပြီ ဒီထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း ရုရှားနိုင်ငံနဲ့ ဆောင်ရွက်နိုင်ဖို့ MOU လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့တယ်။ သို့သော် ရုရှားနိုင်ငံနဲ့ အဓိကထားဆောင်ရွက်သော်လည်း ဘယ်နိုင်ငံမဆိုလည်း ဒီနေရာမှာပါဝင်လို့ရပါတယ်။ လုပ်ဆောင်နိုင်ဖို့ဖိတ်ခေါ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်။ နောက်တစ်ခုက လူမှုရေးဖြစ်တယ်။
လူမှုရေးကဏ္ဍ ပညာရေး၊ ကျန်းမာရေးမှာ သူတို့နိုင်ငံကမြင့်မားကြတယ်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍမှာ တိုးတက်အောင် ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။ ဒီခရီးစဉ် တစ်ခုလုံးကို အနှစ်ချုပ်ပြီးပြောရရင် ကျွန်တော်မြန်မာနိုင်ငံရဲ့ ပြည်သူတွေ မျှော်မှန်းနေတဲ့ ကျွန်တော်တို့လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ဖို့၊ ပြန်လုပ်နိုင်ဖို့၊ ပြန်ဆောင်ရွက်နိုင်ဖို့၊ ပြန်ပြီးအောင်မြင်နိုင်ဖို့ တိုင်းပြည်တစ်ပြည်လုံး ပိုပြီးဖွံ့ဖြိုးတိုး တက်လာနိုင်ဖို့ အတွက် အလားအလာကောင်းတွေကို ဆောင်ကြဉ်းနိုင်ခဲ့တဲ့ ခရီးစဉ်ဖြစ်တယ်လို့ပြောချင် ပါတယ်။