မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့အနောက်ဘက်ခြမ်းရှိကျေးရွာတွေကို မတ်လ ၄ ရက်နေ့ကစတင်ပြီး ၆ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအတု သတင်းအမှားများရေးသား ဖြန့်ဝေလျက်ရှိကြောင်းတွေ့ရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းပြောကြားချက်အရ အကြမ်းဖက်သမားများသည် ထိခိုက်ကျဆုံးမှုများ များလာသဖြင့် ကျေးရွာများအတွင်း ဝင်ရောက်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံ ခြင်းများ လုပ်ဆောင်လာပြီး ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်ခြင်းမရှိသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို ပြည်သူ အားလုံး အသိပင်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင်လည်းအကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများ က အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့သည့် လုပ်ရပ်များကို ဖုံးကွယ်ပေးရန် အတွက် ဖြစ်စဉ်ဖြစ်ရပ်လွဲမှားသည့် သတင်းများဖြင့် မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေ နေခြင်းဖြစ်ကြောင်း သိရှိရသည်။