မြန်မာနိုင်ငံအတွင်းသို့  တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၆၅ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့ နေပြည်တော်၊ ၂၀၂၅ မတ် ၄

Tuesday, March 4, 2025 - 05:45

မြန်မာ-တရုတ်-ထိုင်းသုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင် သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့်  ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၆၅ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်နေမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်ပနိုင်ငံသားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ လုံခြုံရေးနှင့် ပြည်နှင်လွှဲပြောင်းရေး ကိစ္စရပ်များတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး ဆွေးနွေး မှာကြားပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၃၉၉၂ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင် ခဲ့ကာ ၎င်းတို့အနက်မှ ၇၅၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ  စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃၂၃၅ ဦး ကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်းသိရသည်။

အဆိုပါ ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၃၉၉၂ ဦးသည်  တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇတ်စတန်၊ ကမ္ဘောဒီးယား၊ ဂါနာနှင့် တရုတ်(တိုင်ပေ)တို့မှ   နိုင်ငံသားများဖြစ်ကြပြီး   အများစု မှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။