မြို့နယ်အချို့၌ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ယာတို့အား  အကြမ်းဖက်သူများနှင့် လက်နက်ကိုင်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီး နေပြည်တော်၊ ဇွန် ၇

Monday, June 7, 2021 - 15:30

မြို့နယ်အချို့၌ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ယာတို့အား  အကြမ်းဖက်သူများနှင့် လက်နက်ကိုင်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၇

             တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ယာတို့အား  အကြမ်းဖက်သူများနှင့် လက်နက်ကိုင်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

             ထိုသို့ ပြုလုပ်ခဲ့ရာတွင် ဇွန်လ ၆ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဇောတိကျေးရွာ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခွဲ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးလောင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ စိန်ရတနာဆောင်(၂) KG အခန်းအတွင်း၌ အကြမ်းဖက်သူများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါအခန်း အတွင်းရှိ ကျောင်းသုံးစာရွက်စာတမ်းများ မီးလောင်ကျွမ်းနေသည်တွေ့ရှိရသဖြင့် ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် စာသင်ခန်းကြမ်းခင်းနှင့် ကျောင်းသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

             အလားတူ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ယာတို့အား ခေါင်းဆောင် (စိစစ်ဆဲ) လက်နက်ကိုင်သောင်းကျန်းသူ ၅ ဦးခန့်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် အလျား ၃၆ ပေ၊ အနံ ၃၂ ပေခန့်ရှိ ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ယာ ၂ ခန်းတွဲနံကပ်တစ်ထပ် အဆောက်အဦ ၁ လုံးနှင့် ဆေးပေးခန်းအတွင်းရှိ ဆေးပစ္စည်းအချို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

             အထက်ပါဖြစ်စဉ်များမှ မီးရှို့ဖျက်ဆီးမှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။