စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာရှိ ကယ်ဆယ်ရေးစခန်း မီးလောင်ကျွမ်းခဲ့မှုအား ပြန်လည် ထူထောင်ရေး၊ ယာယီနေရာချထားရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှု တို့အား လှည့်လည်ကြည့်ရှု နေပြည်တော်၊ ၂၀၂၅ မတ်လ ၂ ရက်

Sunday, March 2, 2025 - 14:45

                 ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာရှိ ကယ်ဆယ်ရေးစခန်း၌ မတ်လ ၁ ရက် နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီး၊ တပ်မတော်ရေသယ်ယာဉ် ၁ စီး တို့နှင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြကြောင်း သိရှိရသည်။

                 အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ခေါင်းဒုက္ကာကျေးရွာ ကယ်ဆယ်ရေးစခန်းမှ အလျား ၄၅ ပေ၊ အနံ ၁၈ ပေ(သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း)အဆောင် ၃၄ ဆောင်ရှိ အလျား ၁၁ ပေ၊ အနံ ၉ ပေ (သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း)အခန်း ၂၇၂ ခန်း မီးလောင်ကျွမ်းခဲ့သဖြင့် အိမ်ထောင်စု ၃၁၄ စုနှင့် လူဦးရေ ၂၁၄၉ ဦးတို့ မီးဘေးသင့်ခဲ့ရသည်။

                 ထိုသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့် ခေါင်းဒုက္ကာကျေးရွာကယ်ဆယ်ရေးစခန်း မီးလောင်ပြင် နေရာသို့ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး တို့က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မီးလောင်မှုကြောင့် ပျက်စီးမှုများအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် ကျေးရွာသားများက ဝိုင်းဝန်းရှင်းလင်းဖယ်ရှားနေမှု၊ မီးဘေးသင့် အိမ်ထောင်စုဝင်များ အတွက် ယာယီနေထိုင်နိုင်ရန် ရွက်ဖျင်တဲများ ဆောင်ရွက်နေမှု၊ သောက်သုံးရေများ ဖြန့်ဝေနေမှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများကလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စု တစ်စုလျှင် လူသုံးကုန်ပစ္စည်း(၁၆)မျိုးပါဝင်သည့် ပုံးတစ်ပုံးနှုန်းဖြင့် လူသုံးကုန်ပစ္စည်းပုံး ၃၁၄ ပုံးထောက်ပံ့ပေး အပ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကြပြီး ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံ၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်လျက်ရှိသူများအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။