အခြေခံပညာကျောင်းများနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ မတ် ၁ ရက်

Saturday, March 1, 2025 - 15:30

            ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ အခြေခံပညာ‌ကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ ဆေးရုံများ၌လည်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အပါအဝင် မြို့နယ် (၁၇)မြို့နယ်ရှိ စာသင်ကျောင်းများ၌ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊  ရေစည်ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေးဖျန်းပေးခြင်း နှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်း ဆောင်ရွက်ပေးကြသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ  ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဓီဆေးရုံ)၌လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ မြို့သစ်ရပ်ကွက်ရှိ ဆေးဝါးကျွမ်းကျင်တက္ကသိုလ်၌လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊(၁)ရပ်ကွက်ရှိ တိုက်နယ်ဆေးရုံ၌လည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇) ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကစင်ကျေးရွာရှိ ရွှေလင်ပန်းတိုက်နယ်ဆေးရုံ၌လည်းကောင်း နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆေးရုံဝန်း အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်းများကို စုပေါင်း ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။