မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်များဖြင့် အမှတ်(၇)အဆန်/(၈)အစုန်ရထားနှင့် မန္တလေး-နေပြည်တော်လမ်းပိုင်း၌ လေအိတ်ရထားတွဲဆိုင်းဖြင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် လူစီးရထားခရီးစဉ်များ စတင်တိုးချဲ့ချိတ်ဆက်ပြေးဆွဲ
ဖေဖော်ဝါရီလ ၂၈ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့် အညီ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရထားပို့ဆောင်ရေးကဏ္ဍမှထိရောက်စွာ အထောက် အကူပြုနိုင်စေရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းပိုင်းအဆင့် မြှင့်တင်ရေးစီမံကိန်းအဆင့်(၁) အား ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးပြီ ဖြစ်သကဲ့သို့ တောင်ငူ မှ နေပြည်တော် - သာစည် - မန္တလေးလမ်းပိုင်းတွင်လည်း နိုင်ငံတော်မှ ခွင့်ပြုသည့် ဘဏ္ဍာငွေဖြင့် လမ်းပိုင်းပိုမိုကြံ့ခိုင်ကောင်းမွန်စေရေး၊ ခေတ်မီအချက်ပြစနစ်များ တပ်ဆင် အသုံးပြုရေးတို့ကို စီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ဤကဲ့သို့ ရထားလမ်းနှင့်တံတားများ ကြံ့ခိုင်မှုပိုမိုကောင်းမွန်လာခြင်း၊ အချက်ပြစနစ်ပိုမို ခေတ်မီလာခြင်းနှင့်အတူ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲများ အသုံးပြုလာနိုင်ခြင်းအားဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတစ်ခုလုံး၌ ရထား အမြန်နှုန်းများ တိုးမြှင့်ပြီး ပြေးဆွဲချိန်ကို သိသာစွာလျှော့ချနိုင်ပြီ ဖြစ်သောကြောင့် ရထားစီးခရီးသွား ပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော် လမ်းပိုင်း၌ ခေတ်မီ လေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်ဖြင့် အမှတ် (၇)အဆန်၊ အမှတ် (၈)အစုန် အမြန်ရထားခရီးစဉ် သစ်ကို လည်းကောင်း၊ နေပြည်တော်-မန္တလေးလမ်းပိုင်း၌ ခေတ်မီ လေအိတ် လူစီးတွဲများဖြင့် အမှတ် (၂၇)အဆန်၊ အမှတ် (၂၈)အစုန် ရထားခရီးစဉ်သစ်ကိုလည်းကောင်း ယနေ့မှစ၍ တိုးချဲ့ပြေးဆွဲ ပေးနေပြီ ဖြစ်သည်။
အဆိုပါ ရထားခရီးစဉ်တိုးချဲ့ပြေးဆွဲခြင်း အစီအစဉ်အရ ယနေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး၊ အမှတ်(၁) စင်္ကြံတွင် အမှတ် (၇)အဆန် ရန်ကုန်-နေပြည်တော် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်မြိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဧည့်သည် တော်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အသီးသီး အမှာစကားပြောကြားခြင်း၊ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြား ရေးမှူးက ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ နိုင်ငံတော်၏ခွင့်ပြုဘဏ္ဍာငွေဖြင့် တောင်ငူ-နေပြည်တော်-သာစည်-မန္တလေး လမ်းပိုင်း၌ ဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရထားတွဲဆိုင်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် အမွှေးနံ့သာများပက်ဖျန်း ပေးခြင်း၊ နေပြည်တော်သို့ လိုက်ပါကြမည့် ခရီးသည်များအား ရထားပေါ်၌ ရင်းနှီးစွာလိုက်လံ နှုတ်ဆက်၍ စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြပြီးနောက် နံနက် ၆ နာရီတွင် ရထား စတင်ထွက်ခွါသည်။
အလားတူပင် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာ့မီးရထားတာဝန်ရှိသူများနှင့်အတူ မန္တလေးဘူတာကြီး၌ အမှတ်(၂၈)အစုန် လေအိတ်ရထားခရီးစဉ်သစ်အဖြစ် နေပြည်တော်သို့ စတင်ထွက်ခွါမည့် ရထား တွဲဆိုင်းပေါ်သို့တက်ရောက်၍ စီးနင်းလိုက်ပါကြမည့် ခရီးသည်များအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ ခင်မင်ရင်းနှီးစွာ ပို့ဆောင်နှုတ်ဆက်ပြီးနောက် နံနက် ၆ နာရီတွင် ရထားစတင်ထွက်ခွါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် မြန်မာ့မီးရထား တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် ဘူတာကြီးတွင် အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော်လေအိတ်ရထားခရီးစဉ်သစ်ဖြင့် ၁၁၀၀ နာရီတွင် ဆိုက်ရောက် လိုက်ပါလာကြသည့် ခရီးသည်များအားလည်းကောင်း၊အမှတ်(၇)အဆန် ရန်ကုန်-နေပြည်တော်ခေတ်မီ DEMU ရထားခရီးစဉ်သစ်ဖြင့် ၁၁၃၀ နာရီတွင် ဆိုက်ရောက်လိုက်ပါလာကြသည့် ခရီးသည်များအား လည်းကောင်း ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် နေပြည်တော်ကောင်စီ၊ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် နေပြည်တော်ဘူတာမှ ရန်ကုန်သို့ နေ့လည် ၁၂ နာရီတွင် ထွက်ခွါမည့် အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားခရီးစဉ်သစ်ဖြင့် လိုက်ပါမည့် ခရီးသည်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးလူမွန်နှင့် ဌာန ဆိုင်ရာအကြီးအကဲများသည် ၁၂၀၀ နာရီတွင် မန္တလေးသို့ ထွက်ခွါမည့် အမှတ်(၂၇)အဆန် လေအိတ် ရထားခရီးစဉ်သစ်ဖြင့် လိုက်ပါသွားကြမည့် ရထားစီးခရီးသည်များကိုလည်းကောင်း စားသောက်ဖွယ်ရာ များ အသီးသီး ပေးအပ်ပြီး ခင်မင်ရင်းနှီးစွာ ပို့ဆောင်နှုတ်ဆက်သည်။ နေပြည်တော်ဘူတာမှ ထွက်ခွာ ကြသည့် အမှတ်(၂၇)အဆန်လေအိတ် ရထားသည် မန္တလေးသို့ ၁၇၀၀ နာရီအချိန်နှင့် အမှတ်(၈) အစုန် ခေတ်မီ DEMU ရထားသည် ရန်ကုန်သို့ ၁၇၃၀ နာရီအချိန်တွင် အသီးသီးရောက်ရှိကြသည်။
အဆိုပါ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားများနှင့် လေအိတ်ရထားများအား နေပြည်တော် ဘူတာတွင် ရထားကူးပြောင်းလျက် ရန်ကုန်နှင့် မန္တလေးတို့သို့ ခရီးစဉ်အစအဆုံး လိုက်ပါစီးနင်းနိုင်မည် ဖြစ်သည်။ ယခင်က ရန်ကုန်မှ မန္တလေးအထိ ပြေးဆွဲချိန် စုစုပေါင်း ၁၉ နာရီခန့် ကြာမြင့်ခဲ့သော်လည်း ယခုအခါ လမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ်သို့ အဆင့်မြှင့်တင်အသုံးပြု လာနိုင်ခြင်း၊ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲဆိုင်းများ အသုံးပြုလာနိုင်ပြီဖြစ်ခြင်းတို့ကြောင့် ရထား အမြန်နှုန်း တိုးမြှင့်ပေးကာ ရန်ကုန် - နေပြည်တော် ခရီးစဉ်တွင် ၅ နာရီ ၃၀ မိနစ်နှင့် နေပြည်တော်-မန္တလေးခရီးစဉ်တွင် ၅ နာရီ၊ နေပြည်တော်၌ ရထားကူးပြောင်းချိန် ၃၀ မိနစ်၊ စုစုပေါင်း ၁၁ နာရီခန့်ဖြင့် ပြေးဆွဲချိန်ကို သိသာစွာလျှော့ချလျက် ရထားစီးခရီးသည်များ ပိုမိုစိတ်ချမ်းမြေ့စွာခရီးသွားလာနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ စတင်တိုးချဲ့ချိတ်ဆက်ပြေးဆွဲပေးသည့် ရထားခရီးစဉ်များ၌ လိုက်ပါလာကြသော ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သာမန်ခရီးသွားပြည်သူများစသည့် ခရီးသည် များအနေဖြင့်လည်း ပိုမိုအဆင်ပြေ စိတ်ချမ်းသာစွာ စီးနင်းနိုင်ခြင်း၊ ခရီးသွားကြာမြင့်ချိန်များ လျော့ကျ သက်သာလာခြင်းစသည့် အကျိုးရလဒ်များကို လက်တွေ့သိမြင် ခံစားလာရခြင်းကြောင့် နိုင်ငံတော်အစိုးရ ၏ စေတနာ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှု၊ မြန်မာ့မီးရထားဝန်ထမ်း များ၏ကြိုးပမ်းအားထုတ်နေမှုတို့အပေါ်ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြကြောင်း သိရှိရသည်။
မြန်မာ့မီးရထားသည် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ယခုတိုးချဲ့ပြေးဆွဲပေးသည့် ရထားခရီးစဉ် များအပြင် မူလပြေးဆွဲပေးနေသည့် အမှတ်(၁၁)အဆန်၊ (၁၂)အစုန် အမြန်လူစီးရထားခရီးစဉ်များ ကိုလည်း ပြေးဆွဲချိန် ၁၃ နာရီ ၁၅ မိနစ် အချိန်စာရင်းအသစ်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး၊ မကြာမီတွင် ပြေးဆွဲချိန် ထပ်မံလျှော့ချနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ အထက်ပါ ရထားခရီးစဉ်များအတွက် ရထား ထွက်ခွာ/ ဆိုက်ရောက် အချိန်စာရင်းများ၊ ထိုင်ခုံအတန်းအစားအလိုက် လက်မှတ်ခများအား နိုင်ငံပိုင် သတင်းစာများနှင့် သက်ဆိုင်ရာဘူတာအသီးသီးတို့တွင် ကြိုတင်ကြေညာထားပြီးဖြစ်ကြောင်း၊ ရထား လက်မှတ်များကို သက်ဆိုင်ရာဘူတာများ၌ နေ့ချင်းလာရောက်ဝယ်ယူနိုင်သကဲ့သို့ ခရီးသွားရက် မတိုင်မီ ရန်ကုန်မြို့၌ ရန်ကုန်ဘူတာကြီး၊ အင်းစိန်ဘူတာနှင့် တိုးကြောင်ကလေးဘူတာတို့တွင်လည်းကောင်း၊ နေပြည်တော်၌ နေပြည်တော်ဘူတာကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ် (၅)၊ ပျဉ်းမနားဘူတာနှင့် သပြေကုန်းဈေးတို့တွင်လည်းကောင်း၊ မန္တလေးမြို့၌ မန္တလေး ဘူတာကြီး၊ မြို့ဟောင်းဘူတာတို့တွင်လည်းကောင်း၊ ထို့အပြင် Online စနစ်ဖြင့် ရက်ကြိုလက်မှတ်များ၊ အသွားအပြန် ခရီးအတွက်လက်မှတ်များအား တစ်ပါတည်းဝယ်ယူနိုင်ရေးတို့အတွက်ကိုလည်းကောင်း စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန