မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၀၀ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့ နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ ၂၈

Friday, February 28, 2025 - 13:45

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည် မှုများ အပါအဝင် ဒုစရိုက်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူနှိမ်နင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်း၍  မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် တရားမဝင် Online  လောင်းကစားမှုများ၊ Online လိမ်လည်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား   ၂၀၀  ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့ပြီး  သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးနိုင်ရေးလိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူ ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး  ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၃၁၂၅ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၅၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့   ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၃၆၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် အဆိုပါထိန်းသိမ်း ခဲ့သည့် ပြည်ပနိုင်ငံသား ၃၁၂၅ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇတ်စတန်၊ ကမေ္ဘာဒီးယား၊ ဂါနာနှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြ ကြောင်း သတင်းရရှိရသည်။