တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တိုက်ဖျက် ရန် ဦးဆောင်ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာခဲ့ သည်မှာ အခုအခါ (၁၈)ကြိမ် ရှိပြီဖြစ်ကြောင်း၊ ယခင် အစည်းအဝေး (၁၇)ကြိမ်အထိ ဆုံးဖြတ်ချက်(၅၈၉)ချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဖမ်း ဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ (၃)နှစ် နှင့် (၁)လတာ ကာလ အတွင်း ဖမ်းဆီးရမိအမှုတွဲ ၁၉,၀၀၀ ကျော်ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း၊ သို့သော် အိမ်နီးချင်း ကုန်သွယ်ဖက် နိုင်ငံများနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု ကွာခြားချက်စာရင်းများကို နှိုင်းယှဉ်ရာတွင် ဖမ်းဆီး ရမိမှုပမာဏသည် လွန်စွာလျော့နည်း နေသေးသည်ကို တွေ့ရှိရသည့်အတွက် ပိုမိုတိုး တက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေ သကြီး/ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် မိမိတို့ နယ်မြေအတွင်းတွင်ရှိသည့် လမ်းကြောင်းအသီးသီး၏ အခြေအနေအသေးစိတ်ကို သိရှိပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်းများတွင် ပုံမှန်ဖမ်းဆီးမှုများ ဆောင်ရွက် သကဲ့သို့ ရှောင်တခင် စစ်ဆေးတား ဆီးဖမ်းဆီးခြင်းများကို နေ့/ညမပြတ် ဆက်လက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စနစ်တကျဆောင်ရွက်ပါက ဖမ်းဆီးရရှိမှု ယခုထက်ပိုမို တိုးတက်လာမည် ဖြစ်ကြောင်း။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များသို့ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားရာတွင်လည်း “လိုင်စင်မဲ့ မော်တော်ယာဉ်များ စိစစ်ဖော်ထုတ် ရာ၌ ဖမ်းဆီးရမိသူများအပြင် ပါဝင်ပတ်သက်နေသည့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများကိုလည်း အဆင့်ဆင့်စိစစ်ဖော်ထုတ်အရေးယူသွားရန်လိုကြောင်း၊ တရားမဝင် မော်တော်ဆိုင်ကယ်များကိုလည်း စိစစ်ဖော်ထုတ်အရေးယူသွားရမည် ဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းသည် နိုင်ငံတော် အတွက်လည်း များစွာထိခိုက်စေနိုင်သဖြင့် ထိထိရောက်ရောက် ဖော်ထုတ် ဖမ်းဆီး ဆောင်ရွက်သွားရန်” လမ်းညွှန် မှာကြားထားပြီးဖြစ်၍ သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များက အထူး အလေးထား လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ယခု အစည်းအဝေးကျင်းပသည့် ကာလဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများ ဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီးကအများဆုံး၊ မန္တလေးတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းဒေသကြီးက တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများက ဒုတိယအများဆုံးနှင့် တတိယ အများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်သည်ကိုတွေ့ရှိရကြောင်း။
၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုများကိုကြည့်ပါက ဒီဇင်ဘာလ တွင် ငွေကျပ် ၄၄ ဒသမ ၁၈၃ ဘီလီယံနှင့် အများဆုံးဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရပြီး နှစ် အလိုက် ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမှု တန်ဖိုး ကျပ် (၆၅)ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် ငွေကျပ်(၁၃၅)ဘီလီယံကျော် တိုးတက်ဖမ်းဆီး နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ငွေကျပ်(၂၂၃) ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးနိုင်ခဲ့ခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံး၏ ကြိုးစားအားထုတ်မှု ဖြစ်သည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ သို့သော် မိမိတို့အိမ်နီးချင်းနိုင်ငံ၏ ကုန် သွယ်မှု ပို့ကုန်၊ သွင်းကုန်ခြားနားချက်များကို ကြည့်မည်ဆိုပါက များစွာ ဖမ်းဆီး ရန်လိုအပ်နေသေးကြောင်း၊ ပို့ကုန်၊ သွင်းကုန် တန်ဖိုးနှင့် ညီမျှသည့် ဖမ်းဆီးရမိမှုရှိစေ ရန်အတွက် သက်ဆိုင်ရာ ဝန်ထမ်းများက ယခုထက်ပိုမို ထိရောက်သည့်ဖမ်းဆီးမှု များ၊ တိကျသည့် အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် ကိန်းဂဏန်းများကို သိရှိရန်လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် တစ်ကမ္ဘာလုံး၏ GDP ခန့်မှန်းတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၀၅ ထရီလီယံရှိသည့်အနက် တရားမဝင်ကူးသန်းရောင်းဝယ်မှုနှင့် ငွေကြေး ခဝါချမှုများက အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံအများဆုံး ဆုံးရှုံးမှုဖြစ်သည်ကို ထုတ်ပြန်ထား ရှိကြောင်း၊ နိုင်ငံဖြတ် ကျော်မှုခင်း ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂ဒသမ၂ ထရီလီယံ၊ လာဘ်ပေးလာဘ်ယူမှု ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ၊ မူးယစ်ဆေးဝါး ကူးသန်းမှုတွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံကျော်၊ အတုပြုလုပ်မှု နှင့်ခိုးကူးမှုများတွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှု များတွင် အမေရိကန်ဒေါ်လာ၂၅၈ ဘီလီယံ၊ လူကုန်ကူးမှုများတွင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ တို့ဖြစ်သည်ကို ဖော်ပြထားချက်များအရ တွေ့ရှိရကြောင်း။
တရားမဝင် ကုန်သွယ်မှုများသည် အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှုကျူးလွန်မှုနှင့် အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့မှုများကြောင့် လည်း မတည်မငြိမ်ဖြစ်မှုများ အပါအဝင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အားနည်း ချက်များ ဖြစ်ပေါ်စေကြောင်းကိုတွေ့ရှိရကြောင်း၊ ဥပမာအားဖြင့် နယ်စပ်များတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)ကိစ္စများနှင့် ဆက်နွယ်၍ လောင်းကစားမှုများ၊ လူကုန်ကူးမှုများ၊ ရာဇဝတ်မှုများ၊ လက်နက်ကိုင် ဆောင်၍ ပစ်ခတ်မှုစသည်များသည် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် အတွက် သတိပြုရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ယခုထက်ပိုမို ပြတ်ပြတ်သားသား ဆောင်ရွက်ရန်လိုအပ်သည်ကို မီးမောင်းထိုးပြနေခြင်း ဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင်စီးပွားရေး၏ ဆိုးကျိုးများအနေဖြင့် ဒီမိုကရေစီကို ပျက်ပြားစေခြင်း၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေခြင်း၊ နိုင်ငံတော်ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုများစွာ ထိခိုက်စေသည်ကို တွေ့ရှိရ ကြောင်း၊ ယင်းနှင့် ဆက်စပ်၍ လူ့အခွင့်အရေး ဆုံးရှုံးမှုများ၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုများကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို ယခုထက်ပိုမိုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံ၏ပထဝီအနေအထားအရ ရှည်လျားသည့်နယ်စပ်မျဉ်း တစ်လျှောက်တွင် ရှိသည့် တရားမဝင် ဝင်ထွက်ပေါက်များကို ထိန်းချုပ်ရန်ခက်ခဲကြောင်း၊ အလားတူ တရားမဝင် မှောင်ခိုရှောင်ကွင်းလမ်းများမှ ဝင်ရောက်လာမှုများလည်းရှိကြောင်း၊ ယင်းတို့ ကို ပိတ်ဆို့ရန်မှာ အခက်အခဲများစွာရှိကြောင်း၊ သို့သော် ရှည်လျားသည့် နယ်စပ်တစ် လျှောက်မှ ဝင်ပေါက်များကို ထိန်းချုပ်နိုင်သည့် အဓိကကျသော လမ်းကြောင်း/နေရာများ ရှိကြောင်း၊ အဆိုပါ နေရာများတွင် တာဝန်ကျနေသည့် ဝန်ထမ်းများ၏ သစ္စာရှိမှု၊ ရိုးသားမှု၊ ကိုယ်ချင်းစာမှုနှင့် နိုင်ငံ၏စီးပွားရေးကိုအထောက်အကူပြုမည်ဆိုသည့် စိတ်ဓာတ်ဖြင့်ဆောင်ရွက်မည်ဆိုပါက မည်သို့ပင်တရားမဝင်လမ်းကြောင်းမှ ဝင်ရောက် ပါစေ ယခုထက်ပိုမိုဖမ်းဆီးဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ တရားမဝင် ကုန်ပစ္စည်းများအား နယ်စပ်ဂိတ်များမှတစ်ဆင့် တင်ပို့ခြင်းအပြင် နယ်စပ်ဂိတ်များ အနီးရှိဂိုဒေါင်များတွင်သိမ်းဆည်း၍ ဖြန့်ချိခြင်းများ လည်းရှိကြောင်း၊ ထိုသို့ဆောင်ရွက် နေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများကဖော်ထုတ် ဖမ်းဆီး၍ အရေးယူရန် လိုအပ်ကြောင်း။
တရားမဝင် ဝင်ရောက်နေသည့်ကုန်စည်များကြောင့် နိုင်ငံ၏အမျိုးသား ကျန်း မာရေး၊ စီးပွားရေးနှင့်လူငယ်များ၏ အနာဂတ်ရှင်သန်တိုးတက်ရေးများကို အထူးခြိမ်း ခြောက်လျက်ရှိကြောင်း၊ တရားမဝင်တင်ပို့သူများသည် နိုင်ငံ၏သယံဇာတများကို ခိုးထုတ်ခြင်း၊ တင်သွင်းခြင်း တို့ကြောင့် ဂေဟစနစ်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေ ကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနေသည့် MSMEs လုပ်ငန်းကို ပြည်တွင်းလုပ်ငန်းရှင်များက အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်နေသည့်အချိန်တွင် တရားမဝင်ကုန်ပစ္စည်း များ၊ တရားမဝင် တင်သွင်းလာသည့် ကုန်ကြမ်းများ၊ အရည်အသွေးမကောင်းသည့် ပစ္စည်းများ တင်သွင်း၍ ဈေးကွက်ယှဉ်ပြိုင်လာပါက မိမိတို့ ပြည်တွင်းလုပ်ငန်းရှင်များ အားလုံးအနေဖြင့် မည်သို့မျှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖက်ရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုသကဲ့သို့ MSMEs တိုင်းရင်းသားလုပ်ငန်းရှင်များ အတွက်လည်းအထောက်အကူပြုနိုင်မည်ကို သိရှိနားလည်ပြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို တိုးမြှင့်ဆောင်ရွက်ကြစေလိုကြောင်း။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးသည် မှောင်ခိုပစ္စည်းဖမ်းဆီးတားဆီး ခြင်းထက် ပိုမိုကျယ်ပြန့်သည်ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိကြ သည့် တာဝန်ရှိသူများက သိရှိပြီး မိမိတို့၏ ဝန်ထမ်းများကို ဦးဆောင်စည်းရုံး၍ ဆောင် ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အခွန်အကောက်သည် အဓိကအခန်းကဏ္ဍမှပါဝင်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင် ရေးအတွက် အခွန်အခများကို ပြည့်ပြည့်ဝဝပေးဆောင်ပြီး မှန်မှန်ကန်ကန် ကုန်သွယ်မှု ပြုလုပ်ကြရန် လိုကြောင်း၊ ပြည်သူများအနေဖြင့်လည်း တရားမဝင် ကုန်သွယ်မှုများကို သိရှိသည့်အချိန်တွင် တာဝန်သိစိတ်နှင့် မှန်မှန်ကန်ကန် သတင်းပေးပို့နိုင်ရေး အသိ ပညာပေးစည်းရုံးခြင်းများကို ယခုထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန်၊ ကုန်သွယ်မှုလမ်းကြောင်းများတွင် တားဆီးစစ်ဆေးခြင်းအပါအဝင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ထိထိရောက်ရောက် လုပ်ဆောင်နေခြင်းသည် မှန်မှန်ကန်ကန်ကုန်သွယ်မှုပြုလုပ်နေကြသည့် လုပ်ငန်းရှင်များ၊ နိုင်ငံအတွင်းရှိ MSMEs များကို အကာအကွယ်ပေးရေး ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းဖြင့် ပူးပေါင်း ပါဝင်ပေး ကြရန်စည်းရုံး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် မှန်ကန်သည့်သတင်းရရှိမှု၊ သတင်း လုံခြုံမှု၊ သတင်းပေးလူပုဂ္ဂိုလ်အတွက် လုံခြုံမှုသည်အရေးကြီးကြောင်း၊ ရရှိသည့် သတင်း အချက်အလက်ကို တည်ဆောက်ပြီး လုံခြုံရေးအတွက်စုဖွဲ့ကာ တစ်ညီတစ်ညွတ်တည်း စုပေါင်းဆောင်ရွက်မှသာ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ တရားမဝင်တင်ပို့မှုများကို သတင်းပေးပို့သည့်အတွက် သတင်းပေးပို့သူနှင့် ဖမ်းဆီး သည့်သူများကိုပါ ခံစားခွင့်ရှိသည့်ငွေကြေးအကျိုးအမြတ်များကို ခွဲဝေဆောင် ရွက်ပေး နိုင်ခဲ့ကြောင်း၊ မှန်ကန်သည့်သတင်းပေးပို့မှု အကြိမ်အရေအတွက် တိုးတက်လာ မှုအပေါ် ပြည်သူများအားလုံးထံသို့ သိရှိစေရေး နိုင်ငံပိုင်သတင်းစာ၊ တီဗွီနှင့် အသံလွှင့် ဌာနများ၊ ပုဂ္ဂလိကသတင်းဌာနများမှတဆင့် အသိပညာပေး လုပ်ငန်းများ ယခုထက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် သတင်းပေးသူများ၏ လုံခြုံရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်တွင်ရှိကြသည့် အဖွဲ့များက သတိပြု၍ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေး ကြစေလိုကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက်တွင် ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးဂိတ်များတွင် မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများ မဖြစ်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး လိုအပ်သည့်စီမံခန့်ခွဲမှုများကို ကြိုတင် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
နိုင်ငံ၏ပို့ကုန်တင်ပို့မှု မြင့်မားတိုးတက်စေရေးနှင့် MSMEs ကုန်ထုတ်လုပ် ငန်းများ ရေရှည်တည်တံ့နိုင်ရေးတို့အတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦး ဆောင်ကော်မတီက တစ်ဖက်တစ်လမ်းမှ တရားမဝင်ပစ္စည်းများ ဖမ်းဆီးရေးကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလားတူ တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းသည့် အတွက် အရည်အသွေးမရှိသည့် လူသုံးကုန်များ၊ ဆေးဝါးများ၊ စားသောက်ကုန်များ သည် စားသုံးသူပြည်သူများ၏ ဘေးအန္တရာယ်ဖြစ်စေသည့်အတွက် စားသုံးသူများ၏ ဘေးအန္တရာယ်ကင်းရှင်းစေရေးကိုလည်း ကာကွယ်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်ဘဏ္ဍာအခွန်ငွေ မဆုံးရှုံးစေရေးအတွက်လည်း ထိထိရောက်ရောက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် ဦးဆောင်ကော်မတီအဖွဲ့ဝင်များအပါအဝင် တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့တွင်ရှိကြသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများလည်း ပါဝင်လှုပ်ရှားဆောင်ရွက်ကြစေလို ကြောင်း၊ MSMEs ကုန်ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စားသုံးသူပြည် သူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေ မဆုံးရှုံးစေရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ နှင့်ကော်မတီဝင်များကလည်း တိုင်း ဒေသကြီးနှင့် ပြည်နယ်တွင်ရှိသည့် အထူးအဖွဲ့များနှင့် လက်တွဲ၍ ယခုထက် ပိုမို တိုးတက်ဖမ်းဆီးရမိစေရန်နှင့် နိုင်ငံတော်နှင့်ပြည်သူအားလုံးကို အကျိုးမပြုသည့် တရားမဝင်ကုန်သွယ်မှုကို လုံးဝကင်းစင်ပပျောက်သည်အထိ မျှော်မှန်းကာ ပူးပေါင်း ပါဝင်တိုက်ဖျက် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အတွင်း ရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း က ဦးဆောင်ကော်မတီအစည်းအဝေး (၅/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေး မှူးချုပ် ဦးအောင်သွင်ဦး၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ရဲမြင့် တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)သို့ တင်ပြလာသည့် အမှာစာများ ကို ဖတ်ကြားတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦထွန်းအုံ၊ အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တရားမဝင်ကုန် သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ တရားမဝင်ထိန်းချုပ် ဓာတုပစ္စည်းများ၊ မူးယစ် ဆေးဝါး၊ သစ်များ၊ ယာဉ်များ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းဖမ်းဆီးရမိမှု၊ အဆိုပါ ဖမ်းဆီးရမိမှုများအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိမှု၊ ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ကုန်၊ သွင်းကုန် နှိုင်းယှဉ် ချက်များနှင့် ကုန်သွယ်ရေးစခန်းများ၌ ကုန်စည်စီးဆင်းနေမှုနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။