PDF အမည်ခံအကြမ်းဖက်သမားများက ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် အား သတ်ဖြတ်၍ ကုန်စုံဆိုင်အား မီးရှို့ဖျက်ဆီး နေပြည်တော် ၊ ၂၀၂၅ ဖေဖော်ဝါရီ ၂၇ ရက်

Thursday, February 27, 2025 - 17:00

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာ အောင်ချမ်းသာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အား PDF အမည်ခံ အကြမ်းဖက်သမားများက  ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း၊ ကူညီထောက်ပံ့ခြင်း မရှိသဖြင့် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဆရာတော်မှာ ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး  အဆိုပါကျောင်းအနီးရှိ ကုန်စုံဆိုင်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိ ရသည်။

          ဖြစ်စဉ်မှာ ယနေ့နံနက် ၈နာရီချိန်ခန့်တွင် ဆားကျင်းကျေးရွာရှိ အောင်ချမ်းသာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒိယ သက်တော် ၈၅ နှစ်(ဝါတော် ၄၅) သည် ကျောင်း အတွင်း တစ်ပါးတည်းရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း၊ ကူညီထောက်ပံ့ခြင်း မရှိသဖြင့် လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဆရာတော်သည် ဦးခေါင်းကျည် ဖောက်ဝင် ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့သည်။ ထို့အပြင် အကြမ်းဖက်သမားများသည် အဆိုပါကျောင်းတိုက် အနီးရှိ  ကုန်စုံဆိုင်အား ၎င်းတို့၏ လုပ်ရပ်များအပေါ် တိုင်ကြားမှုမပြုလုပ်နိုင်ရန် မီးရှို့ ဖျက်ဆီးခဲ့ပြီး ကျေးရွာ၏ အနောက်ဘက်သို့ ပြန်လည်ထွက်ခွာသွား ခဲ့သည်။

  PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အား မထောက်ခံသည့် ကျေးရွာများ၊ လူပုဂ္ဂိုလ်များကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ လူနေအဆောက်အဦများ၊ ဈေးဆိုင်များအား မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များအပေါ် လွန်စွာ စက်ဆုပ်ရွံရှာလျက်ရှိကြောင်း သိရှိရသည်။   လုံခြုံရေးတပ်ဖွဲ့ဝင် များက ၎င်းကျေးရွာနှင့်ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိသည်။