နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၈)သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီး၊ ဗထူးတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏မိဘဆွေမျိုးများနှင့် ဖိတ်ကြားထား သည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲများအား လိုက်လံစစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများ၏ အနှေး လျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကိုခံယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း အမှတ် ၇၄ ၊ ဗိုလ်လောင်း သက်နိုင်စိုး အား ငွေဓားဆု ချီးမြှင့်ပေးအပ်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် “တပ်မတော်(ကြည်း)တွင် အရည်အချင်း ပြည့်ဝသောအရာရှိများ ဖြစ်ပေါ်လာစေရန်နှင့် ခြေလျင်တပ်စုတစ်စုကို ပိုင်နိုင်စွာ ကွပ်ကဲ၍ စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်စေရန်” ဟူသည့် တပ်မတော် (ကြည်း) ဗိုလ် သင်တန်းကျောင်း(ဗထူး)၏ ရည်ရွယ် ချက်နှင့်အညီ စစ်ပညာ၊ ကွပ်ကဲမှု၊ ခေါင်းဆောင်မှု ပညာရပ်များနှင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ပညာရပ်များကို သင်ကြား လေ့ကျင့်အောင်မြင်ခဲ့သဖြင့် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း။
မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူ၏ အကျိုးစီးပွားကို အစဉ် ရှေးရှုပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့ တာဝန် အရေးသုံးပါးကို ထိပါးလာမည့် ကိစ္စမှန်သမျှကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ထက်သန်စွာဖြင့် မှန်ကန်သည့်ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်များနှင့်အတူ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန် များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း၊ ယခုကဲ့သို့ မျိုးချစ်စိတ် နိုင်ငံချစ်စိတ် ကို အခြေခံပြီး မွန်မြတ်သည့်စိတ်ထားများဖြင့် တိုင်းရင်းသားပြည်သူကြားက ပေါက် ဖွားလာခဲ့သည့် မိမိတို့တပ်မတော်၏ ကောင်းမြတ်သော အတိတ်သမိုင်းကြောင်းများကို သိရှိထားပြီး အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း။
တပ်မတော်တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူကြရတော့မည့်သူ များ အနေဖြင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့များကိုလည်း စွမ်းရည်သုံးရပ်နှင့် ပြည့်စုံအောင် တည်ဆောက်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ အခက်အခဲ အကြပ်အတည်း ဟူသမျှ ရင်ဆိုင်ကျော်လွှားနိုင်ပြီး မိမိတပ်ကို တက်ညီလက်ညီနှင့် စုပေါင်းဆောင်ရွက် နိုင်စွမ်း ရှိအောင် ဖွဲ့စည်းထားနိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် အရာရာတွင် စံပြဖြစ်အောင် နေထိုင်ကျင့်ကြံပြီး ထုတ်ပြန်ထားသည့်အမိန့်နှင့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း။
သင်တန်းကာလအတွင်း စစ်အတတ်ပညာ အပါအဝင် စစ်ဘက်ခေါင်းဆောင်မှု ပညာများကို လေ့လာသင်ယူခဲ့ပြီးဖြစ်သဖြင့် မိမိတို့တပ်မတော်၏ ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ချက်နှင့်အညီ လိုက်နာကျင့်ကြံနေထိုင်သွားကြရန် လိုအပ်မည်ဖြစ် ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ ပါရမီသက်သက်မဟုတ်ဘဲ နည်းနိဿယကောင်း များကို ကြိုးစားလေ့လာကျင့်သုံးခြင်းဖြင့် အောင်မြင်မှုရရှိနိုင်သည့် ပညာရပ် တစ်ခုဖြစ် ပြီး ပေးအပ်သည့်ရည်မှန်းချက်တာဝန်ကို အောင်မြင်ပြီးမြောက်သည်အထိ လက် အောက်ငယ်သားများကို စည်းရုံးလုပ်ဆောင်နိုင်သည့် အရည်အချင်းဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်တစ်ဦး သိသင့်သိထိုက်သည့် အသိပညာ အတတ်ပညာများ ကို စဉ်ဆက်မပြတ် လေ့လာမှသာလျှင် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည်ဖြစ် သည့်အတွက်တစ်ဦးချင်းလေ့လာအားထုတ်ကြိုးပမ်းကြရန်လည်းမှာကြားလိုကြောင်း။
မိမိတို့တပ်မတော်သည် စတင်ဖွဲ့စည်းစဉ်ကတည်းကပင် စည်းကမ်းနှင့် စိတ် ဓာတ်ကို အခြေခံပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ စည်းကမ်းသည် မိမိတို့တပ်မတော်၏ အသက်ခန္ဓာပင်ဖြစ်ကြောင်း၊ ပြည်သူကြားက ပေါက်ဖွားလာပြီး မိမိဆန္ဒအလျောက် တပ်မတော်အတွင်းကို ဝင်ရောက်လာကြသူများဖြစ်ကာ အထူးသဖြင့် ပြည်သူ့ တပ်မတော်သားများဖြစ်သည့်အတွက် တပ်မတော်က ချမှတ်ထားသော စစ်ဘက် ဥပဒေ၊ စစ်စည်းကမ်းများအပြင် နယ်ဘက်ဥပဒေ၊ နယ်ဘက် စည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဦးချင်း ကျန်းမာ ကြံ့ခိုင်မှုရှိနေရမည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်နေစေရန်လည်း လေ့ကျင့် နေရမည်ဖြစ်ကြောင်း၊ တပ်မတော်မှ ထုတ်ပြန်ထားသည့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာ အမိန့်ညွှန်ကြားချက်များကို လေးစားလိုက်နာ ဆောင်ရွက်ခြင်းသည် မိမိ၏ ပင်ကိုယ်အရည်အသွေးတိုးတက်အောင် လေ့ကျင့်နေခြင်းပင် ဖြစ်ကြောင်း။
အထူးသဖြင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် ဆောင်ပုဒ်အတိုင်း ခေတ် နှင့်အညီ ပြောင်းလဲတိုးတက်လျက်ရှိသည့် စစ်အသုံးအဆောင်နှင့် စစ်အတတ် ပညာ များကို အသုံးချနိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာနေရမည်ဖြစ်သကဲ့သို့ အသက် အရွယ်အလိုက် ရှိသင့်ရှိထိုက်သည့် ကျန်းမာကြံ့ခိုင်မှုနှင့် ကျွမ်းကျင်မှုရှိအောင်လည်း နေ့စဉ်ပုံမှန် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးလုပ်ဆောင်ခြင်းသည် ကြံ့ခိုင်မှုနှင့် ကျွမ်းကျင်မှုရှိရန်အတွက်ဖြစ်ကြောင်း၊ ကြံ့ခိုင်မှုဆိုသည်မှာ တပ်ဖွဲ့ဝင် တစ်ဦးချင်း၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာကြံ့ခိုင်နေအောင် လေ့ကျင့်နေခြင်း ဖြစ်သကဲ့ သို့ ကျွမ်းကျင်မှုဆိုသည်မှာလည်း မိမိတို့ ကိုင်တွယ်အသုံးပြုနေသည့် လက်နက်များနှင့် သင်ယူလေ့လာထားသည့် စစ်ပညာရပ်များကို ကျွမ်းကျင်နေစေရန် လေ့ကျင့်ခြင်းဖြစ် ကြောင်း၊ ထိုသို့ကျွမ်းကျင်မှုရှိမှသာ ယုံကြည်မှုရှိလာမည်ဖြစ်ပြီး ယုံကြည်မှုရှိမှလည်း ကြုံတွေ့လာသည့်အခက်အခဲတိုင်းကို ရဲဝံ့စွန့်စားစွာ ရင်ဆိုင်လုပ်ကိုင်နိုင်သည့် ရဲစွမ်း သတ္တိများ ရရှိလာမည်ဖြစ်သည့်အတွက် အလေးထား လိုက်နာသွားကြရန်လိုကြောင်း။
မိမိတို့တပ်မတော်သားများသည် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို အဓိကနေရာမှ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ ထို့အပြင် ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာမည့်အရေးကြုံလာလျင်လည်း မိမိတို့ တပ်မတော် သည် နိုင်ငံတော်နှင့် ပြည်သူအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်နေသည့် အခိုင်မာဆုံး အင်အားစုတစ်ရပ်လည်း ဖြစ်ကြောင်း၊ လက်ရှိကာလတွင်လည်း မိမိတို့တပ်မတော်သည် ပြည်သူလူထုလိုလား သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော် ၏ တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း။
လက်ရှိအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့သည် NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက် သမားများနှင့်ပူးပေါင်းပြီး ပြည်သူများကို အကြောက်တရား လွှမ်းမိုးလာစေရေးနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေများချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးကိစ္စကို အကြောင်းပြ ပြီး အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းကို တရားလက်လွတ်ဥပဒေမဲ့ လုပ်ဆောင် လျက်ရှိနေကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက် လက်နက်ကိုင်နည်းလမ်းကြောင့် နယ်မြေ ဒေသအချို့တွင် မတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် အသက် အန္တရာယ်များ ထိခိုက်ဆုံးရှုံးနေရခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် လက်နက်ကိုင် လမ်းစဉ် ကျင့်သုံးနေသည့် အကြမ်းဖက်သောင်းကျန်းသူများသည် ထာဝရငြိမ်းချမ်းရေး ရရှိပြီး ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပါဝင် လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေးကို လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လိုပြီး ဆင်ခြင် တုံတရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ အကြပ် ကိုင်ဖိအားပေးခြင်းများကို ပြုလုပ်နေသကဲ့သို့ နိုင်ငံတစ်ဝှမ်း အကြမ်းဖက် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေကြသဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အဦများ များစွာ ပျက်ဆီးဆုံးရှုံးနေကြရကြောင်း၊ ထို့ကြောင့်လည်း အေးချမ်းစွာနေထိုင်လိုကြ သည့် အပြစ်မဲ့ပြည်သူများသည် နိုင်ငံရေးပြဿနာကို အကြမ်းဖက်လက်နက်ကိုင် နည်းလမ်းဖြင့် ရယူရန် ကြိုးစားနေကြသည့် အကြမ်းဖက်သမားသောင်းကျန်းသူများကို အလွန်ရွံရှာစက်ဆုပ်နေကြပြီဖြစ်ကြောင်း။
တပ်မတော်သည် ပြည်သူလူထုမှပေါက်ဖွားသည့် ပြည်သူ့တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ကို ကာကွယ်ရန်၊ နိုင်ငံတော်ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားရ မည်ဖြစ်ပြီး တပ်မတော်က ဆင်နွှဲနေသည့် တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်း ရေးကိုလိုလားသည့် ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေသကဲ့သို့ သောင်းကျန်းသူအမြစ်ဖြတ်ချေမှုန်းရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေး အတွက် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်ပေါင်းစည်းအား၊ ညီညွတ်သော စိတ်ဓာတ် တို့နှင့်အတူတကွ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျအောင် လုပ်နိုင်စွမ်းရှိသူများသည် ယင်းဒေသတွင်နေထိုင်ကြ သည့် ဒေသခံများနဲ့ ဒေသခံအကြမ်းဖက်သမားများသာဖြစ်ကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူအကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေ ချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာမှုများကို တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်း ရေးကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည် ဖြစ်ကြောင်း။
ထို့ကြောင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးသို့ ရောက်ရှိချိန်တွင် မိမိတို့ တာဝန်ထမ်းဆောင်ရမည့် နယ်မြေဒေသအတွင်း အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ် နှင့် ပြည်သူလူထုကို အနိုင်ကျင့်နေမှုများမရှိစေရေးအတွက် လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်များကို ပြည်သူလူထုနှင့်ပူးပေါင်းပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် ရဲဝံ့ စွန့်စားစွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလို ကြောင်း၊ ထို့အပြင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ပြုလုပ် နိုင်ရေး၊ မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့် မဆုံးရှုံးရရေး အတတ်နိုင်ဆုံး ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
အဖွဲ့အစည်းတစ်ခု တိုးတက်အောင်မြင်ရေးအတွက် စည်းလုံးညီညွတ်မှုသည် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အခြေခံပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို ကျစ်လျစ် ခိုင်မာစွာ တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ် ဟူသည့် တပ်တည် ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်နှင့်အညီ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော် သားတိုင်းကလည်း ရဲဘော်အချင်းချင်းအပေါ် ထားရှိရမည့်မေတ္တာတရား၊ သံယောဇဉ် တရားနှင့် သစ္စာစောင့်သိမှုတရားဟူသည့် ရဲဘော်စိတ်ကို ထာဝစဉ်မွေးမြူထားရမည် ဖြစ်ကြောင်း၊ ထို့အပြင် စစ်သည်တော်ကျင့်ဝတ်များအတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး မိသားစုဝင်များကိုလည်း ညီအစ်ကို မောင်နှမသဖွယ်၊ မိသားစုသဖွယ် အပြန်အလှန် လေးစားမှု၊ အလေးထားမှုများဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားနိုင်ရေး စည်းရုံးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ ကျစ်လျစ်ခိုင်မာသည့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မည်ဖြစ် ကြောင်း။
မျက်မှောက်ကာလတွင် သတင်း၊ နည်းပညာနှင့် ဆက်သွယ်ရေးကွန်ရက်စနစ် များ လျင်မြန်စွာဖွံ့ဖြိုးလာမှုနှင့်အတူ ဆန့်ကျင်ဘက်လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ သည် လူမှုကွန်ရက်ကို အသုံးပြုပြီး တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ပြည်သူ လူထုယုံကြည်မှု ပျက်ပြားအောင်နှင့် အထင်အမြင် လွဲမှားအောင် ထိုးနှက်တိုက်ခိုက်မှု များ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ထိုးနှက်တိုက်ခိုက်မှုများနှင့် အခြေအမြစ် မရှိသည့် ပြောဆိုရေးသားမှုများသည် တပ်မတော်အပေါ်မှာသာမက တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုအပေါ်၌ပါ ဆိုးရွားစွာ ထိခိုက်နိုင်သောကြောင့် မိမိတို့တပ်မတော် သားများ အပါအဝင် နိုင်ငံသားအားလုံးအနေဖြင့် အသိ၊ သတိများဖြင့်ယှဉ်ပြီး စဉ်းစား ဆင်ခြင်နိုင်ရန်လိုအပ်ကြောင်း၊ တပ်မတော်နှင့်ပြည်သူအကြား စည်းလုံးညီညွတ်မှု အားနည်းပါက တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းများကို စွမ်းအားပြည့်ဆောင်ရွက်နိုင် မည် မဟုတ်သည့်အတွက် တပ်ပြင်စည်းရုံးရေး လုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် တပ်ပြင် စည်းရုံး ရေးဆောင်ရွက်ရာတွင် “ပြည်သူသာအမိ၊ ပြည်သူသာအဖ”ဟု သဘောထားပြီး တာဝန်ကျရာ နယ်မြေဒေသအသီးသီး၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စိတ်ရင်း စေတနာမှန်ဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
သင်တန်းဆင်းပြီး ကျရာတာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဦးချင်း တစ်ယောက်ချင်းအလိုက် အသိစိတ်ဖြင့် အရာရှိကောင်းများဖြစ်အောင် ထိန်းသိမ်း နေထိုင်သွားရမည်ဖြစ်ကြောင်း၊ မိမိအတွက် အကျိုးဖြစ်စေမည့် စာပေအသိပညာဖတ်ရှု လေ့လာခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း၊ လေ့လာဖတ်ရှုမှုများကို အမြဲမပြတ် ဆောင်ရွက်နေမည်ဆိုပါက လုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး မိမိတို့ ဖတ်မှတ်ထားသည်များကို အသုံးချခြင်းနှင့်မျှဝေပေးခြင်းများကို ဆောင်ရွက်ရန်လို ကြောင်း၊ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်း၊ ဆွေးနွေးခြင်း၊ အသုံးချခြင်းများမှ တစ်ဆင့် အသိပညာများ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးအားထားရ သည့် အရာရှိကောင်းများဖြစ်အောင်ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလို ကြောင်း။
မိမိတို့တပ်မတော်၏ အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် နိုင်ငံတော် အတွက် ရှေ့တန်းက မားမားမတ်မတ်ရပ်တည်ကာကွယ်ခဲ့သည့် ကောင်းမြတ်သော အတိတ်သမိုင်းကြောင်း အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက် သွားကြရန်၊ ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက်နှင့် အညီ လိုက်နာကျင့်ကြံနေထိုင်ပြီး ခေါင်းဆောင်တစ်ဦး သိသင့်သိထိုက်သည့် အသိ ပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန်၊ စည်းကမ်း ဟာ တပ်မတော်၏ အသက်ဝိညာဉ်ဖြစ်သည့်အတွက် တပ်မတော်က ချမှတ်ထားသည့် စစ်ဘက်ဥပဒေ၊ စစ်စည်းကမ်းများအပြင် နယ်ဘက်ဥပဒေ၊ နယ်ဘက် စည်းကမ်းများ ကိုလည်း တိတိကျကျ လိုက်နာသွားကြရန်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်(Fit For Fight) ဖြစ်အောင် အသက်အရွယ်အလိုက် လုပ်သင့်လုပ်ထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့် ကျန်းမာကြံ့ခိုင်မှုရှိအောင် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန်ဆောင်ရွက်သွားကြရန်၊ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့် ရှောက်ကြမည့် “အနာဂတ်၏ စစ်ခေါင်းဆောင်” များဖြစ်အောင် ကြိုးစား ဆောင် ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်း အနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ထူးချွန်ဆုရရှိကြသူများဖြစ်သည့် အကောင်းဆုံး ဗိုလ်လောင်း ဆုရရှိသူ ဗိုလ်လောင်း သက်နိုင်စိုး၊ စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်း နေသွေး၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း အောင်လွင်ဌေးနှင့် ကြံ့ခိုင်ရေး အကောင်းဆုံးဆုရ ဗိုလ်လောင်း စန်းဇော်ဦး နှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြသဖြင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုနှင့် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်တတ်သည့် အခြေခံကောင်းများကိုလည်း ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွားကြရန် လိုကြောင်း၊ ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်လုံးတွင်လည်း မိဘများ၊ ဆရာ၊ ဆရာမများက သွန်သင်ပဲ့ပြင်ပေးခဲ့သည့် အခြေခံကောင်းများ၊ ယခု သင်တန်းမှ ရရှိခဲ့သည့် မိမိဘဝတိုးတက်မှုရှိစေရေး ကြိုးစားအားထုတ်နိုင်မှု၊ မိမိ ကိုယ်ကိုထိန်းသိမ်းနိုင်မှု၊စည်းကမ်းကောင်းမွန်မှု စသည့် အခြေခံအလေ့အကျင့်ကောင်း များကို ဆက်လက်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ်သွား ကြရမည်ဖြစ်ကြောင်း။
ငယ်စဉ်ကလေးဘဝမှယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းသွန်သင် ပေးခဲ့သည့် မိဘဆရာသမားများ၏ ကျေးဇူးကို မမေ့ရန်နှင့် မိသားစုမှ ဂုဏ်ယူရသည့်၊ နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့် တပ်မတော်အရာရှိကောင်းများဖြစ် အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့် အခြေခံ ကောင်းများ ကို ဆက်လက် ထိန်းသိမ်း၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်းချက်များ မပျောက် ပျက်ရအောင် ဆက်လက်ကြိုးစားအားထုတ်သွားရန်လိုကြောင်းနှင့် မိမိတို့ဘဝ တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ်ဖတ်မှတ်လေ့လာခြင်းဖြင့် ဆက်လက်ဆည်းပူးလေ့လာပြီး နိုင်ငံတော် နှင့် တပ်မတော်က အားထားရပြီး လက်အောက်က အားကိုးရသူများဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။