တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈)သူရတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

Friday, February 21, 2025 - 20:30

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) သူရတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူး ခန့်ထားရေးခန်းမဆောင်၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင် ကျောင်းဆင်း ဗိုလ်လောင်းများ၊ ၎င်းတို့၏ မိဘဆွေမျိုးများနှင့် နည်းပြများ တက်ရောက်ကြသည်။

          အခမ်းအနားအစီအစဉ်အရစစ်ရာထူးခန့်ချုပ်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် နှင့် ကျောင်းအုပ်ကြီးတို့က စင်မြင့်တွင်နေရာယူကြသည်။ ဆက်လက်ပြီး စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က ကျောင်းဆင်း ဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများပေးအပ်ပြီးနောက် အမှာစကား ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ တပ်မတော်(ကြည်း)ဗိုလ်သင် တန်းကျောင်း(ဗထူး)ကို ၁၉၄၆ခုနှစ်တွင် ပြင်ဦးလွင်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁ မှ ၁၆)အထိလည်းကောင်း၊ ၁၉၅၇ခုနှစ်တွင် ပြင်ဦးလွင်မြို့မှ ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇ မှ ၂၈)အထိလည်းကောင်း၊ ၁၉၆၃ခုနှစ်တွင် ဗထူးတပ်မြို့မှ မှော်ဘီမြို့သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၉ မှ ၈၂) အထိလည်းကောင်း၊ ၁၉၉၁ခုနှစ်တွင် မှော်ဘီမြို့မှ ဗထူးတပ်မြို့သို့ပြန်လည် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၈၃ မှ ယနေ့)အထိ ဗိုလ်လောင်း များအားလေ့ကျင့်သင်ကြားပေးလျက်ရှိကာ အရာရှိများစွာမွေးထုတ် ပေးလျက် ရှိသည်။

          တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းဆင်းအရာရှိများ အနက် အောင်ဆန်းသူရိယဘွဲ့ရရှိသူတစ်ဦး၊ သီဟသူရဘွဲ့ရရှိသူ (၁၀)ဦး၊ သူရဘွဲ့ ရရှိသူ (၉၆) ဦး၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်ချီးမြှင့်ခြင်းခံရသူ(၄၁၁)ဦး အထိ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။