နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှု လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများတွင် ဆက် စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်း ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများ မှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှု များနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၀၀) ကို လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ လွှဲပြောင်းပေးအပ်ပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် တင်ကိုကို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်း စစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning ၊ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Narongchai Jindaphan နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြသည်။
ယနေ့လွှဲပြောင်းပေးခဲ့သည့် တရုတ်နိုင်ငံသားများကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီး H. E. Mr. Phumtham Wechayachai ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး H. E. Mr. Liu Zhong Yi နှင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် လာသည့် နိုင်ငံခြားသားများအားဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်တို့သည် စနစ်တကျဖြစ်စေရေး ကြည့်ရှုကြပြီး မီဒီယာများနှင့် တွေ့ဆုံကာ လွှဲပြောင်းလက်ခံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ၊ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ဆုံပြီး သုံးနိုင်ငံ ကြိုတင်ညှိနှိုင်း ဆွေးနွေးမှု များကြောင့် ပထမအကြိမ် တရုတ်နိုင်ငံသား ၂၀၀ ကို အချိန်တိုအတွင်း လွှဲပြောင်းနိုင်မှု အခြေအနေ၊ တတိယနိုင်ငံသားများ ပြန်လည်လွှဲပြောင်းနိုင်ရေး သက်ဆိုင်ရာသံရုံးများမှ လာရောက်ခေါ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံမှ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေနှင့် သုံးနိုင်ငံအကြားလုပ်ငန်းစနစ် ထူထောင်မည့်ကိစ္စနှင့် စပ်လျဉ်းသည့် အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည့် တရုတ်နိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့လည်းကောင်း၊ ထိုမှတဆင့် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ကနဦး ရောက်ရှိကြပြီး အွန်လိုင်းလိမ် လည်မှုလုပ်ငန်း (Telecom Fraud) ကိုယ်စားလှယ်များက ထိုင်း- မြန်မာ နယ်စပ်ရှိ သောင်ရင်းမြစ်အား တရားမဝင်ဖြတ်ကျော် ခေါ်ဆောင်ကာ မြဝတီ- KK Park နယ်မြေ အတွင်းရှိ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် စေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရွှေက္ကိုလ်နယ်မြေအတွင်း၌ လက်နက်ကိုင်အဖွဲ့ အချို့လှုပ်ရှားနေထိုင်လျက် ရှိပြီး တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ၊ ကန့်သတ်ချက်များရှိခြင်းကို အခွင့်ကောင်းရယူကာ ကိုယ်ကျိုးစီးပွားရှာသူများ က Online လောင်းကစားမှုများအပါအဝင် ဒုစရိုက်အမှုများကို ကျူးလွန်နေကြခြင်းဖြစ် ကြောင်းနှင့် Online လိမ်လည်မှုများ၏ အခြေခံလိုအပ်ချက်များကို တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူခဲ့ကြခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအများစုကို ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီး မြှုပ်နှံထားခြင်း ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ များနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိ ရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။