အကြမ်းဖက်သမားများက တနင်္သာရီမြို့နယ်၊ ပနပ်ငယ်ကျေးရွာအနီး၌ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် ၁ စီးအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၈ ဦးတို့၌ မိုင်းစထိမှန်ဒဏ်ရာများရရှိ

Tuesday, February 18, 2025 - 18:30

            အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိပြီး လမ်း၊ တံတားများဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် လူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာသွားလာလျက်ရှိ သည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အရပ်ယာဉ်များကိုလည်း  နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင် လျက်ရှိသည်။

            ထိုသို့ လုပ်ဆောင်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပနပ်ငယ်ကျေးရွာအနီး၌ အပြစ်မဲ့ ပြည်သူများစီးနင်းလာသည့် ဘုရားဖူးယာဉ် ၁ စီးကို လည်း  ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှ မြိတ်မြို့သို့ ယာဉ်မောင်း ဦးမျိုး မောင်းနှင်လာပြီး အပြစ်မဲ့ပြည်သူများ စီးနင်းလိုက်ပါလာသည့်Light Truck အမျိုးအစား မော်တော်ယာဉ် အား ပနပ်ငယ်ကျေးရွာအနီးသို့ အရောက်၌ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၉ ဦး မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ အား မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာ နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။