မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၇၃ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့  နေပြည်တော် ဖေဖော်ဝါရီ - ၁၇

Monday, February 17, 2025 - 16:15

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိ ရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်နေကြသည့် ပြည်ပ နိုင်ငံသား ၂၇၃ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲ ပြောင်းပေးအပ်နိုင်ရေး မြန်မာ-တရုတ်-ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ မြဝတီမြို့၌ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင် ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၅  ခုနှစ် ဇန်နဝါရီ ၃၀  ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ မြန်မာ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၀၃ ဦး စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။