ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ် မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှု များ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ ပြည်ပနိုင်ငံသား ၁၃၀၃ ဦးတို့ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပ နိုင်ငံသားများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများ သို့ လွှဲပြောင်းပေးအပ်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက် လာသည့် နိုင်ငံခြားသားများအားဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ၍ ပြည်နှင် လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး H. E. Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး Trisak Indararusmiနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့သို့ ရောက်ရှိကြသည်။
၎င်းသုံးနိုင်ငံ ပူးပေါင်းအဖွဲ့သည် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီးကောင်းမွန်စွာ ထိန်းသိမ်းထားမှု အခြေအနေများ၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှု လေ့လာကြသည်။
အဆိုပါ သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် မြဝတီမြို့၌ တွေ့ဆုံပြီး ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကာ ၃ နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှု (Telecom Fraud) တားဆီးနှိမ်နင်းရေးစနစ် အကောင် အထည်ဖော် ကြိုးပမ်းဆောင်ရွက်ရေး၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) ဇုန်များ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင် ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဆက်စပ် ပတ်သတ် သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင် ပြေချောမွေစေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်း လောင်း ကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ် တိုက်ဖျက် နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။