နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့် နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၅

Saturday, February 15, 2025 - 18:45

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မီဒီယာဌာနကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ၊  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံဟာသ ပညာရှင်များအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင် သံကြား ရန်ကုန်ရုံးမှ ဝန်ထမ်းများ၊ ထပ်ဆင့် လွှင့်စက်ရုံများမှဝန်ထမ်းများက Online မှတစ်ဆင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းမှ တိုင်းရင်းသားဝန်ထမ်းများနှင့် အနုပညာရှင်များ က လှိုက်လှဲ နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။ 
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ပင်မအဆောက်အဦရှိ Auditorium ခန်းမ၌ LED Animation ပြသ၍ စတင်ဖွင့်လှစ်သည်။ ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “ငြိမ်းချမ်းဝေစည် တို့မြန်ပြည်” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး “နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းစွမ်းဆောင်နေသည့် နိုင်ငံတော်မီဒီယာ” Video Clip ကို ပြသသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Entertainment Channel ရုပ်သံလိုင်း အသစ်၊  MRTV  DVB - T2 စနစ်ဖြင့် ရန်ကုန်၊ နေပြည်တော် (ပျဉ်းမနား)နှင့် စစ်ကိုင်း (မန္တလေး)တို့တွင် High Definition (HD) အရည်အသွေးဖြင့် ရုပ်သံလိုင်း(၁၂) လိုင်းထုတ်လွှင့်နေမှုမှ (၁)လိုင်း ထပ်မံတိုးချဲ့၍ Mahar HD ရုပ်သံလိုင်းအသစ် ထုတ်လွှင့်မှုနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရေဒီယိုထုတ်လွှင့်မှုကို MRTV Radio Application ဖြင့် Online လွှင့်တင်မှု တို့အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏အစ “ရန်ကုန် ရေဒီယို (Rangoon Radio)”ကဟုခေါ်တွင်ခဲ့ရာက “ဗမာ့အသံ (Burma Broadcasting Service - BBS)”ဟု အမည်ပြင်ဆင်ခဲ့သည့် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်ပတ်လည်နေ့အဖြစ်သတ်မှတ်ပြီး အထိမ်း အမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့သည်ကိုလေ့လာတွေ့ရှိရကြောင်း။ 
    နေပြည်တော်ကောင်စီနယ်မြေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၆၂)နှစ် မြောက်နှစ်ပတ်လည်နေ့ အခါသမယကစတင်ပြီး ကျင်းပခဲ့ရာ ယခုအခါ (၁၈)ကြိမ် မြောက်ကျင်းပနိုင်ခဲ့သည်ကိုလည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ယခုလိုအခမ်း အနားကို တက်ရောက်အမှာစကား ပြောကြားခွင့်ရသည့်အတွက် ဝမ်းမြောက်ပါ ကြောင်း ဦးစွာပြောကြားလိုကြောင်း။
    မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မိမိတို့နိုင်ငံတွင် ကာလရှည်ကြာ အစဉ် အလာနှင့် ရပ်တည်ခဲ့သည့်နိုင်ငံပိုင်မီဒီယာဌာနကြီးတစ်ခုဖြစ်ကြောင်း၊ ခေတ်အဆက် ဆက်တွင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် တာဝန်ကျေပွန်ခဲ့သလို ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့် လိုက်လျောညီထွေ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရ ကြောင်း၊  ထို့ကြောင့် ယခုကဲ့သို့ (၇၉)နှစ်ပြည့်မြောက်သည့် သမိုင်းမော်ကွန်း မှတ်တိုင် တစ်ခုကို မားမားမတ်မတ်နှင့် ဝံ့ဝံ့ကြွားကြွားစိုက်ထူနိုင်ခြင်းပင် ဖြစ်သည်ဟု အသိ အမှတ်ပြုပြောကြားလိုကြောင်း။
    MRTV ၏ နှစ်ပတ်လည်နေ့ အခမ်းအနားနေ့များတွင် ပြုပြင်ပြောင်းလဲ ဆန်းသစ်မှုများကို တစ်နှစ်ထက်တစ်နှစ်၊ တစ်ခုပြီးတစ်ခု တိုးတက်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူကိုပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ အသိပညာပေးခြင်းများ ပိုမိုဆောင်ရွက် ပေးနိုင်သည်ကိုလည်း ဝမ်းမြောက်ဖွယ် တွေ့မြင်နေရကြောင်း။
    (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နေပြည်တော်၌ လေ့လာ ဖွယ်ရာနေရာအသစ်တစ်ခုဖြစ်လာသည့်တစ်မူထူးခြားသော “MRTV စိန်ရတုပြတိုက်ကြီး” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပင် နိုင်ငံတကာ ရုပ်သံဌာနကြီးများ၏ သတင်းသီးသန့် ရုပ်သံလိုင်းများလို “MRTV News Channel” အသစ်တစ်ခုနှင့်  တစ်နိုင်ငံလုံး လွှမ်းခြုံထုတ်လွှင့်နိုင်သည့် ဒစ်ဂျစ်တယ် စနစ်တစ်ခုဖြစ်သော  Direct to Home – DTH စနစ်နှင့်ထုတ်လွှင့်ပြသနိုင်ရန် “MRTV – DTH” ကို ဖွင့်လှစ်ပေးခဲ့သည်အထိ အားပေးချီးမြှောက် ဂုဏ်ပြုခဲ့သည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရမည်ဖြစ်ကြောင်း၊  ၎င်းသည် နိုင်ငံ့အကြီးအကဲအနေဖြင့် နိုင်ငံပိုင် မီဒီယာအပေါ်တွင် မည်မျှအထိ အလေးထားအားထားကြောင်းကို ပေါ်လွင်ထင်ရှား လျက်ရှိကြောင်း။
    အလားတူ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင်လည်း MRTV News Channel ကို အရန်စတူဒီယိုမှတစ်ဆင့်ထုတ်လွှင့် နေရာမှ “MRTV News Channel Studio” အသစ်တစ်ခုကို သီးသန့်အသုံးပြု ထုတ်လွှင့်နိုင်ရန် ဖွင့်လှစ်ပေး နိုင်ခဲ့သည်ကို တွေ့ရကြောင်း။
    ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်(၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနား တွင်လည်း အာဆီယံနိုင်ငံများက “Analogue Switch Off - ASO” ဟုခေါ်သည့် Analogue စနစ်နှင့် ရုပ်သံထုတ်လွှင့်မှုရပ်ဆိုင်းပြီး Digital စနစ်နှင့် ထုတ်လွှင့်ရန် သဘောတူညီထားကြသည့်အတိုင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီး (၃)မြို့ အတွက် ထပ်ဆင့်လွှင့်စက်ရုံ(၃)ရုံမှထုတ်လွှင့်မှုကို စတင်ရပ်ဆိုင်းနိုင်ရန် Pilot Project အဖြစ် ကြေညာလုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း၊ တစ်ဆက်တည်းမှာပင်  အဆိုပါ မြို့ကြီး(၃)မြို့တွင် မူလက Digital Video Broadcasting Terrestrial-2 (DVB-T2)စနစ်ဖြင့် ထုတ်လွှင့်နေသည့် ရုပ်သံ(၁၈) လိုင်းတွင် High Definition (HD)Quality နှင့် ရုပ်သံလိုင်း(၂)လိုင်းသာ ထုတ်လွှင့်နိုင်ခဲ့ရာမှ HD နှင့် (၁၁)လိုင်းအထိ အဆင့်မြှင့် တင်ပြီး တိုးချဲ့ထုတ်လွှင့်ပေးခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့အပြင်  Direct To Home (DTH)စနစ်ဖြင့် ရုပ်သံလိုင်း (၇)လိုင်းသာ ထုတ်လွှင့်နေရာမှ ရုပ်သံလိုင်း(၁၉)လိုင်း အထိ တိုးချဲ့ထုတ်လွှင့်နိုင်ရန် ဖွင့်လှစ်ပေးခဲ့သည်ကိုလည်း ဂုဏ်ယူဖွယ် တွေ့မြင်ရ ကြောင်း။
    ယနေ့ (၇၉)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် MRTV ၏ DVB-T2 စနစ် နှင့် ထုတ်လွှင့်မှုတွင် မူလက (၁၈)လိုင်းနှင့် ထုတ်လွှင့်ခဲ့ရာကနေ (၁)လိုင်း ထပ်မံ တိုးချဲ့ပြီး “MRTV Entertainment Channel (me)” အသစ်(၁)လိုင်းကို HD အရည်အသွေးနှင့် ထုတ်လွှင့်နိုင်ရန် ယနေ့တွင်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီး (၃)မြို့တွင် (Standard Definition-SD) အရည်အသွေးနှင့်ထုတ်လွှင့်နေရာက အရည်အသွေးမြင့် (High Definition –HD) ရုပ်သံလိုင်း(၃)လိုင်းအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး ၎င်းအနက် (၁)လိုင်းကို မဟာရုပ်သံ အတွက် ခွင့်ပြုပေးကာ ယနေ့တွင်ပင်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း။
    MRTV ၏ Broadcast Media များဖြစ်သည့် TV နှင့်  Radio  တို့မှ ထုတ်လွှင့် ခဲ့ရာက ခေတ်နှင့်အညီ လူတိုင်းလက်လှမ်းမီစွာ အရှိန်အဟုန်နှင့် အသုံးပြု လာကြသည့် Mobile Phone များပေါ်တွင် “MRTV Application”နှင့် ကြည့်ရှုနိုင်ရန် စတင် ထုတ်လွှင့်ပေးခဲ့ရာ ယခုအခါ ရေဒီယိုကဏ္ဍကို သီးခြားခွဲထုတ်ပြီး “MRTV Radio Application” ကိုလည်း တစ်ဆက်တည်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် MRTV က ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆန်းသစ်တီထွင်လိုစိတ်နှင့် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ကြိုးပမ်းထမ်းဆောင်နိုင်ကြသဖြင့် ထွက်ပေါ်လာသည့် အောင်မြင်မှု ရလဒ် များ ဖြစ်ကြောင်းအသိအမှတ်ပြု ပြောကြားလိုကြောင်း။
    ယခုအခါတွင် MRTV သည် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုဖြစ်သော နုပျိုသစ်လွင်ပြီး သွက်လက်ထက်မြက်သော၊ ဆန်းသစ်ခေတ်မီ သော နိုင်ငံတော်မီဒီယာပုံစံအသစ်နှင့်အညီ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် နိုင်သည်ကိုတွေ့ရကြောင်း၊ မူလရည်မှန်းချက်(၃)ရပ်ဖြစ်သည့် သတင်းအချက်အလက် များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်နှင့် ဖျော်ဖြေပေးရန် တာဝန်များကို ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် New Media ဖြစ်သည့် Online Media များကနေ ထုတ်လွှင့်တင်ဆက်ပေးနိုင်သည့်အပြင် နိုင်ငံတော်၏ နေ့ကြီး၊ရက်ကြီး၊ အခမ်းအနား ကြီးများတွင်လည်း ကဏ္ဍစုံကနေ တက်ကြွစွာပါဝင် ဆောင်ရွက်နေသည်ကို ဂုဏ်ယူ ဖွယ်တွေ့ရ ကြောင်း။ 
    ထို့အပြင် နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်စွန့် စားစား ထမ်းဆောင်နေကြသည့် “တပ်မတော်သား”များအတွက် ရှေ့တန်း စစ်မြေပြင်၊ တပ်စခန်းနေရာများအထိ သွားရောက်ဖျော်ဖြေပြီး စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်နေကြသည့် “နိုင်ငံ့ဝန်ထမ်း”များ အပန်းပြေ စေရန် ဖျော်ဖြေတင်ဆက်ပေးခြင်း၊ အနာဂတ်နိုင်ငံတော်တွင် အားကိုးအားထား ပြုရမည့် “လူရည်ချွန်” များ ပျော်ရွှင်လန်းဆန်းတက်ကြွစေရန် အပန်းဖြေစခန်း များ အထိ သွားရောက် ဖျော်ဖြေပေးခြင်းစသည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ကိုလည်း ထဲထဲဝင်ဝင်တိုးမြှင့်ဆောင်ရွက်ပေးသည်ကို တွေ့မြင်နေရသည့်အပြင် MRTV အနေဖြင့် တိုင်းရင်းသားဘာသာစကား (၁၈)မျိုးအပါအဝင် စုစုပေါင်းဘာသာ စကား(၂၀)မျိုးဖြင့် ထုတ်လွှင့်နိုင်ခြင်း သည်လည်း ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း။
    ယနေ့ကမ္ဘာ့နိုင်ငံများ၏မျက်မှောက်အခြေအနေနှင့် မိမိတို့ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများအရ တိုင်းရင်းသားအားလုံး ချစ်ကြည်စွာ စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲစေရန်၊ အမျိုးသားစည်းလုံးညီညွတ်မှု မပြိုကွဲ စေရေးတို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့် မီဒီယာပိုင်းက ဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ပေးရန် အရေးကြီးသည်ကို မှာကြားလိုကြောင်း၊ မိမိတို့ မြန်မာ နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်သည် တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်ကြသည့် အေးအတူပူအမျှ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်ပေါင်းထောင်ချီပြီး စုပေါင်းနေထိုင်ခဲ့ကြသည်ကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း။
    သမိုင်းကြောင်း အစဉ်အလာအရ ပြည်နယ်နှင့်တိုင်းဒေသကြီးများ စုပေါင်း တည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးမည့် အခြေ အနေအမျိုးမျိုး ကြုံတွေ့ခဲ့ရချိန်တိုင်းတွင် တပ်မတော်နှင့်အတူ နိုင်ငံနှင့်ပြည်သူကို ချစ်မြတ်နိုးကြသည့် မြန်မာနိုင်ငံသားအားလုံးက (We are Myanmar) ဆိုသည့် မြန်မာ စိတ်၊ တစ်သွေးတစ်သားတည်းစိတ်၊ စုစည်းညီညွတ်သည့်စိတ်၊ စည်းလုံး ညီညွတ်သည့် စိတ်၊ စိတ်ဝမ်းမကွဲပြားသော စိတ်ဓာတ်အားမာန်များနှင့် စုပေါင်းပြီး ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
    ထိုသို့ သမိုင်းအစဉ်အလာကောင်းသည့် မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကို မပျက် ယွင်းစေဘဲ သမိုင်းပေးတာဝန်ကို ကျေပွန်အောင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ၏ အနာဂတ်သမိုင်းကြောင်းကောင်းအောင်၊ အခြားနိုင်ငံများနည်းတူ တန်းတူဖွံ့ဖြိုး တိုးတက်လာအောင်၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် စည်းလုံး ညီညွတ် သည့် အမျိုးသားရေးစိတ်ဓာတ်နှင့် အတူတကွ လက်တွဲအကောင်အထည်ဖော်ကြရန် လိုကြောင်း။
     အမိနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်မှာ နိုင်ငံ တစ်ဝန်းလုံးတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန္ဒအမှန် ဖြစ်သကဲ့သို့ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအားလုံးက ညီရင်းအစ်ကို မောင်ရင်း နှမသဖွယ် ချစ်ခင်ရင်းနှီးစွာအတူတကွ နေထိုင်လိုကြသည့် ဆန္ဒအမှန်လည်း ဖြစ် ကြောင်း။
    သို့သော်ယခုအချိန်တွင် တိုင်းရင်းသားပြည်သူများအတွင်း အချင်းချင်း သံသယ ဝင်အောင်၊ သွေးကွဲအောင်၊ မုန်းတီးမှုများဖြစ်လာအောင် သွေးခွဲရန်တိုက်မှုများ၊ မြှောက်ပင့်သွေးထိုးမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြည်တွင်းပြည်ပက စွက်ဖက်မှုမျိုးစုံနှင့် ပြုလုပ်နေကြသည်မှာ အထူးသဖြင့်  ပြည်ဖျက်မီဒီယာများက သတင်းတု သတင်းမှားများနှင့် ကောလာဟလများကို မဟုတ်မမှန် ထုတ်ဖော် ပြသ ခြင်း၊ သတင်းမှားများ တင်ဆက်ခြင်းများကလည်း မိမိတို့ နိုင်ငံအတွက် အလွန် အင်မတန်မှ ကြီးမားသည့် အန္တရာယ်ဖြစ်ကြောင်း၊  ထို့ကြောင့်ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အပါအဝင် ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီး အနေဖြင့် နိုင်ငံတော် မီဒီယာဖြစ်သည်နှင့်အညီ ပြည်ထောင်စုကြီး မပြိုကွဲအောင်၊ အချုပ်အခြာ အာဏာတည့်တံ့ခိုင်မြဲအောင်၊ နိုင်ငံတော်နှင့် ပြည်သူအတွက် ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရန် အထူးမှာကြားလိုကြောင်း။
    MRTV အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်အဆက်ဆက်က MRTV ၏ ဝန်ထမ်းဟောင်း များက သူ့ခေတ်သူ့အခါအလိုက် တာဝန်ကျေပွန်ခဲ့ကြသည်ကို အသိအမှတ်ပြု ပြော ကြားလိုကြောင်း။ ဆက်လက်၍လည်း MRTV ၏ မျိုးဆက်သစ်ဝန်ထမ်းများကလည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အလျင်အမြန် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် စေရန်၊ရေရှည်တည်တံ့ခိုင်မြဲစေရန်၊သမိုင်းပေးတာဝန်များကိုကျေပွန်အောင်ဆက်လက် ထမ်းဆောင်ကြရန် ထပ်ဆင့်မှာကြားလိုကြောင်း။
    ရုပ်မြင်သံကြားထုတ်လွှင့်ရာတွင် Professional ဖြစ်ရန်နှင့် မိမိတို့ ထုတ်လွှင့် လိုက် သည့် အစီအစဉ်များသည် လူအများစိတ်ဝင်စားပြီး လူကြီးလူငယ်၊ လူရွယ်လူ လတ် အားလုံး လွယ်လွယ်ကူကူ သိရှိနားလည်မှတ်သားစေနိုင်မည့် အစီအစဉ်များဖြစ် ရန် လိုကြောင်း၊ ထို့ကြောင့် နိုင်ငံတကာက သတင်းထုတ်လွှင့်မှုများကို လေ့လာပြီး မိမိတို့ ၏ အားနည်းချက်များကို အားသာချက်များအဖြစ် တိုးတက်အောင် ဆက်လက် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း။ 
    ယနေ့ကာလသည် နည်းပညာခေတ်ဖြစ်ပြီး AI ခေတ်ကို ရောက်ရှိ နေပြီ ဖြစ်ကြောင်း၊ MRTV သည် နည်းပညာအခြေခံဖြင့် လုပ်ဆောင်နေရသည်ဖြစ်၍ ဝန်ထမ်း များအနေဖြင့် နည်းပညာနှင့်အတတ်ပညာများကို ခေတ်နှင့်အညီ လိုက်ပါဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့အပြင် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးလုပ်ငန်းများကို အတွေ့ အကြုံ ကောင်းကောင်း၊ အသိအမြင်ကျယ်ကျယ်နှင့် ဆောင်ရွက်သွားကြရန်လည်း လိုအပ်သည့်အတွက် လေ့လာဆည်းပူးခြင်းနှင့် ဖတ်မှတ်လေ့လာမှုများကို အလေ့ အကျင့်ဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် အသံနေအသံထားနှင့် အသံထွက်၊ အဖြတ်အတောက်များ မှန်ကန်ရန်နှင့် ရုပ်ရည်အနေအထားကလည်း တည်တည်ကြည်ကြည်၊ ပျော့ပျော့ ပျောင်းပျောင်း၊ နားထောင်ကြည့်ရှုနေသူများကို ဆွဲဆောင်မှုရှိပါက  မိမိတို့၏ ထုတ်လွှင့်မှုများသည် ပိုမိုထိရောက်မည်ဖြစ်ကြောင်း။ 
    နိုင်ငံတော်၏ သမိုင်းကြောင်းနှင့်အတူ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ပြောင်းလဲ တိုးတက်နေသော နည်းပညာများနှင့် အညီ လိုက်ပါအသုံးပြုပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အမြင်သစ်၊ အသွင် သဏ္ဌာန်အသစ်များနှင့် ဖန်တီးထုတ်လုပ်ပြီး ဆန်းသစ်တင်ဆက်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။
     မြန်မာနိုင်ငံတွင် မီဒီယာနှင့်အနုပညာရှင်၊အတတ်ပညာရှင်များမွေးထုတ်ပေးရာ၊ ပန်းပေါင်းစုံဖူးပွင့်လန်းဆန်းရာပန်းဥယျာဉ်ကြီးသဖွယ်ဖြစ်အောင်၊ ပြည်သူများ အားကိုး အားထားပြုရသော တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှု ပြုနေသည့် မြန်မာနိုင်ငံ၏ စတုတ္ထ မဏ္ဍိုင်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
    ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူ လူထုအားလုံးအပြင် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ၊ မြန်မာ နိုင်ငံသားများနှင့် ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားများအတွက် သတင်းအချက်အလက် အပါ အဝင် အသိပညာဗဟုသုတများ မျှဝေပေးခြင်း၊ ဖျော်ဖြေတင်ဆက်ပေးခြင်းများနှင့် ပရိသတ်များ၏ စိတ်နှလုံးတွင် မှတ်မှတ်ထင်ထင် စွဲစွဲမြဲမြဲဖြစ်အောင် စွမ်းဆောင်ပေး ကြရန်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉)နှစ်မြောက်သည့် နှစ်ပတ်လည်နေ့မှ သည် ရှေ့ရာစုနှစ်ပေါင်းများစွာအထိ ကောင်းသတင်းများ မွှေးပျံ့မှုနှင့်အတူ ဖွံ့ဖြိုး တိုးတက်မှု၊ အောင်မြင်စွာ လျှောက်လှမ်းမှုတို့နှင့် တင့်တင့်တယ်တယ် ရှင်သန်ရပ်တည် နိုင်ပါစေရန် ဆန္ဒပြုဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။    
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က (၇၉)နှစ်မြောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားအတွက် ငွေကျပ်(၇၅)သိန်းကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ရာ ပြန်ကြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ထံ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား ၏(၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြုပေးအပ် သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က  MTRV Multiplayout Package တွင် မူလရုပ်သံလိုင်း (၁၈) လိုင်းမှ (၁၉) လိုင်းထိ တိုးချဲ့ထုတ်လွှင့်နိုင်ရန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် စက်မှုဌာနခွဲ၊ Earth Station ဌာနစိတ်မှဝန်ထမ်းများ၊ နေပြည်တော်(ပျဉ်းမနား)၊ ရန်ကုန်နှင့် စစ်ကိုင်း (မန္တလေး)မြို့ တို့တွင် HD ရုပ်သံလိုင်း(၃)လိုင်းတိုးမြှင့်ထုတ်လွှင့်နိုင်ရန်ကြိုးပမ်းခဲ့သော လွှင့်စက် ပြုပြင်ထိန်းသိမ်းရေးဌာနစိတ်မှဝန်ထမ်းများ၊ တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ ၌ အာရှ ပစိဖိတ် ရုပ်သံလုပ်ငန်းအဖွဲ့အစည်း AUB မှစီစဉ်ကျင်းပခဲ့သည့် AUB Diversity and Inclusion Media Award 2024 တွင် “Major Workforce Of MRTV” ခေါင်းစဉ်ဖြင့် ထူးချွန်ဆုရရှိခဲ့သည့် MI Channel မှ ဝန်ထမ်းများကိုယ်စား ဦးစီးအရာရှိ ဒေါ်အေးအေးကျင်၊ တရုတ်နိုင်ငံ CGTN Myanmar မှ စီစဉ်ကျင်းပခဲ့သည့် “မှတ်မိစွဲထင် အမှတ်တရခရီးစဉ်” ဆောင်းပါး ပြိုင်ပွဲတွင် ပထမ ဆုရရှိခဲ့သည့် အသံလွှင့်ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်စုသက်မှူး တို့အား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၊ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု မြဝတီတေးဂီတအဖွဲ့နှင့် ပြင်ပ အနုပညာရှင်များက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နိုင်ငံတော်သံစုံတီးဝိုင်း၊ နိုင်ငံ တော်ဆိုင်းဝိုင်းကြီးနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့ဖြင့် တွဲဖက်၍ ဖျော်ဖြေတင်ဆက်မှု များကို ကြည့်ရှုအားပေးကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ သတင်းစတူဒီယိုများ၊ ထုတ်လွှင့်ခန်းများ၊ Convergence News Room အခန်းများကို လေ့လာခြင်း၊ MSME Promo များအား မြန်မာနှင့်တိုင်းရင်းသားဘာသာများဖြင့် ရိုက်ကူးထုတ်လုပ်နေမှုများ၊ AI နည်းပညာဖြင့် ရုပ်သံထုတ်လွှင့်နိုင်ရန် လေ့လာစမ်းသပ်နေမှုများ၊ အသံသွင်း Studio တွင် “အရုပ်မျက်နှာပန်းမျက်နှာ” အသံသွင်းဇာတ်လမ်း သရုပ်ပြ အသံသွင်း နေမှုများကို လိုက်လံကြည့်ရှုရာ ကဏ္ဍအလိုက် တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြကြမှုများအပေါ် လိုအပ်သည်များကိုမှာကြားသည်။  
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉)နှစ်မြောက်နှစ်ပတ်လည် နေ့ အထိမ်းအမှတ်အဖြစ်တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို  မြန်မာ့အသံနှင့်ရုပ်မြင် သံကြားဝန်ထမ်းများနှင့်အတူရင်းရင်းနှီးနှီးသုံးဆောင်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း လေ့လာ ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရေဒီယိုနှင့် ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်ပြီး ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ ရည်မှန်းချက်များနှင့်အညီ ထုတ်လွှင့်တင်ဆက်လျက်ရှိသည်။ 
၁၉၄၆ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်တွင် ရန်ကုန်ရေဒီယို (Rangoon Radio)မှ ဗမာ့အသံ (Burma Broadcasting Services –BBS)အမည်ဖြင့် စတင်အသုံးပြုခဲ့ပြီး ၁၉၈၀ပြည့်နှစ် နိုဝင်ဘာ(၁)ရက်တွင် ရောင်စုံရုပ်မြင်သံကြားအဖြစ် စတင်ပုံမှန် ထုတ် လွှင့်ခဲ့သည်။ ယခုအခါ MRTV HD၊ MRTV News၊ MRTV NRC၊ MRTV Farmers’၊ MRTV Parliament၊ MRTV Sports ရုပ်သံလိုင်းများနှင့် ဖက်စပ်ရုပ်သံလိုင်းအဖြစ် အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွှင့်သည့် MITV ရုပ်သံလိုင်းများ ထုတ်လွှင့်လျက်ရှိပြီး မြန်မာ့အသံ ရေဒီယို၊ သပြေရေဒီယို၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် Myanma Radio၊ တိုင်းရင်းသားဘာသာ(၁၇)မျိုးပါဝင်သည့် တိုင်းရင်းသားဘာသာ အစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိသည်။ 
 ပြည်သူများ အရုပ်၊ အသံ အရည်အသွေး ကောင်းမွန်သည့် အစီအစဉ်များ ဖမ်းယူကြည့်ရှု နားဆင်နိုင်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ လက်ရှိထုတ်လွှင့် နေသည့် DVB T2စနစ်တွင် HD Qualityဖြင့် ဌာနပိုင်ရုပ်သံလိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းများ အပါအဝင် (၁၈)လိုင်း ထုတ်လွှင့်ရာမှ တိုးချဲMahar HD ရုပ်သံလိုင်းသစ်ကိုယနေ့ စတင် ထည့်သွင်းထုတ်လွှင့်ခြင်းဖြစ်သည်။ 
ထို့အပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV DTH Platform တွင် ဌာနပိုင်နှင့် ပုဂ္ဂလိကရုပ်သံလိုင်းများအပါအဝင် စုစုပေါင်း ရုပ်သံလိုင်း (၁၉)လိုင်းဖြင့်  ထုတ်လွှင့်လျက်ရှိရာမှ MRTV ၏ ဖျော်ဖြေရေးသီးသန့်ရုပ်သံလိုင်း MRTV Entertainment Channel ကို တိုးချဲ့ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ အလားတူ ပြောင်းလဲလာသည့် ခေတ်နှင့်အညီ Online Media ဖြင့်လည်း လွှင့်တင်လျက်ရှိရာ MRTV Application (MRTV App) နှင့်MRTV Web Portal၊ Facebook၊ Telegram၊ Tiktok တို့အပြင် ရေဒီယိုသီးသန့် နာဆင်နိုင်မယ့် MRTV Radio App ကိုလည်း စတင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
ယနေ့အချိန်တွင် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေ ပေးရန်၊ ဖျော်ဖြေပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ၁၉၄၆ ခုနှစ်မှ စတင်ရှင်သန် ပေါက်ဖွားလာခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV သည် (၇၉) နှစ် တိုင်ခဲ့ပြီဖြစ်ပြီး  ခေတ်အဆက်ဆက်တွင် တိုးတက်ပြောင်းလဲမှုများနှင့် နိုင်ငံပိုင် မီဒီယာ ကြီးတစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိသည်။