နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှုလုပ်ငန်းလုပ်ကိုင်မှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက် လျက်ရှိသည့်အပြင် နိုင်ငံတကာနှင့်ပူးပေါင်း၍လည်း ဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွ စွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများမရှိစေရေး ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကြပ်ကြပ် စိစစ်ရှာဖွေဖော် ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့် နေအိမ်တွင် အွန်လိုင်း လောင်းကစားတာဝန်ခံ မင်းကျော်နှင့် စကားပြန်၊ စာရင်းကိုင် ရီရီဖြိုးတို့ ၂ ဦးအပါအဝင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို တရားမဝင် အွန်လိုင်းလောင်းကစားပြုလုပ်ရာ၌ အသုံးပြုသည့် laptop ၆၁ လုံး၊ Flat Desktop ၃၂၉ လုံး၊ System(CPU) ၉၀ လုံး၊ ဖုန်းမျိုးစုံ ၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လုံခြုံရေးပူးပေါင်းအဖွဲ့များက ဆက်လက်ရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် ညနေပိုင်းတွင် အဆိုပါရပ်ကွက် အတွင်း နေထိုင်သည့် ထိုင်းနိုင်ငံသား အမျိုးသား ၇ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦးတို့အား ကွန်ပျူတာ ၅၀ လုံး၊ ဖုန်းမျိုးစုံ ၃၀၀ လုံး၊ ဘိန်းစာရွက်(အစို) ၁ ကီလိုခန့်စီပါ ၄ ထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာပါ ၁၀ ဗူးနှင့် ချောင်းဆိုး ပျောက်ဆေးရည် ၃၀ ပုလင်း တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
သို့ဖြစ်၍ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှုအနေဖြင့် တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်မှုများဖြစ်ကြသည့် ထိုင်းနိုင်ငံ သား အမျိုးသား ၇ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၉ ဦးတို့နှင့်အတူ ကွန်ပျူတာ မျိုးစုံ ၄၄၀ လုံး၊ System (CPU) ၉၀ လုံး၊ ဖုန်းမျိုးစုံ ၃၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဘိန်းစာရွက်(အစို) ၁ ကီလိုခန့်စီပါ ၄ ထုပ်၊ ဘိန်းစာ ရွက်ပြုတ်ရည် ၁ လီတာပါ ၁၀ ဗူး၊ ချောင်းဆိုးပျောက်ဆေးရည် ၃၀ ပုလင်းနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ထိုင်းနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ အလည်အပတ်နှင့် အလုပ်လုပ်ကိုင်ရန်အတွက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်လာခဲ့ရာမှ တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်လုပ်ကိုင်ကြသူများက ဆက်သွယ်ခဲ့သဖြင့် ယခုကဲ့သို့ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အွန်လိုင်းဂိမ်းပိုင်ရှင်ဖြစ်သူ တစ်ဖက်နိုင်ငံ ချင်းမိုင်မြို့တွင်နေထိုင်သည့် ထိုင်းနိုင်ငံသား ဝယ်ဆန်နှင့် ဇနီးဖြစ်သူ ရန်ကျူး အပါအဝင် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များ အား ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စနစ်တကျစိစစ်ဆောင်ရွက် လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။