နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက်တပ်မတော် (ကြည်း၊ရေ၊လေ)စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုပြီးနောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့၏ သရုပ်ပြတီးခတ် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က တပ်မတော် ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (၃၁)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်း (၂၆)သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။