တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းတစ်လျှောက်မှ မြို့နယ်၊ ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ
နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ - ၇ ရက်
တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီလ ၁၆ ရက်မှ ဖေဖော်ဝါရီလ ၅ ရက် အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၂)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည် ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်သော တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများကကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ အထူးကုဆေးအဖွဲ့ များသည် တနင်္သာရီကမ်းရိုးတန်းဒေသများဖြစ်သော ပုလောမြို့နယ်၊ မလိကျွန်း ပတ်ဝန်းကျင်ကျေးရွာများ၊ ကျွန်းစုမြို့နယ်၊ ကျွန်းစုမြို့ပတ်ဝန်းကျင်ကျေးရွာများ၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းပတ်ဝန်းကျင် ကျေးရွာများ၊ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်းပတ်ဝန်းကျင်ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ် အနီးတစ်ဝိုက်ဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့နှင့် ချောင်းဝကျေးရွာအနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၃၂ ဦး၊ ခွဲစိတ်ရောဂါ ၄၃၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၉၉ ဦး၊ ကလေးရောဂါ ၅၂၈ ဦး၊ အရိုးရောဂါ ၈၉၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၆၀ ဦး၊ မျက်စိရောဂါ ၁၄၀၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၀၃ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၆၅၅၉ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ၇၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂၅ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ် ကုသမှုများဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၅၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄၃၀ ဦး၊ ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ ၄၉၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၇၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကာ ကိုယ်ဝန် ဆောင်မိခင် ၁ ဦးအား အောင်မြင်စွာခွဲ စိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော ဒေသခံပြည်သူ ၉၃ ဦးတို့ကိုလည်း သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ပြန်လည်ရောက်ရှိလာ သည့် တပ်မတော်နယ်လှည့်အထူကုဆေးအဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဗိုလ်မှူးချုပ် သိန်းထူး က ပေးအပ်ချီးမြှင့်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည် (၁၈)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၆၃၆၄၆ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်များအတွင်း ကိုယ်ဝန်ဆောင် မိခင် ၂၂ ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။