နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်မှုနှင့် အခြားဒုစရိုက်လုပ်ငန်းများကို နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ မေးမြန်းမှုများနှင့်ပတ်သက်၍   ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက်

Friday, February 7, 2025 - 17:45

          ဒီနေ့မှာတော့ မီဒီယာများမေးမြန်းနေကြတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့အခြား ဒုစရိုက်လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေနဲ့ နှိမ်နင်းနေတဲ့အခြေအနေ နှင့် ပြည်သူ့စစ်မှုထမ်းကိစ္စတွေနဲ့ပတ်သက်ပြီး မေးမြန်းထားတာတွေကို ပြန်လည်ဖြေကြားသွားပါမယ်။

          ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ တရားမဝင်အွန်လိုင်းလောင်းကစား ငွေကြေးလိမ်လည်မှု ကျားဖြန့်နဲ့ အခြားဒုစရိုက်လုပ်ငန်းများကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၃ ရက်‌နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးများကို တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု ကျားဖြန့်ကိုအကြောင်းပြုပြီး နိုင်ငံတော်မှာအခက်အခဲတွေဖြစ်ပေါ်နေတဲ့အတွက် ထိထိရောက်ရောက် အရေးယူမှုတွေ ဆောင်ရွက်ခဲ့ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ပြောကြားခဲ့ပါတယ်။  နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ပူးပေါင်းပြီး အဲဒီဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွ ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေကြေး လိမ်လည်မှုလုပ်ငန်းတွေ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေး မဖြစ်ပေါ်စေရေးအတွက် ဖော်ထုတ် အရေးယူခြင်းတွေကို တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းအပြင် မူးယစ်ဆေးဝါးကိစ္စတွေ ၊ အခြားဒုစရိုက်မှုတွေပါ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူတွေ ပတ်သက်နေလို့ရှိရင် အားလုံးကိုထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အားလုံးက အလေးထားလိုက်နာ ဆောင်ရွက်သွားကြဖို့ လေးနက်စွာ ပြောကြားခဲ့ပါတယ်။ အွန်လိုင်းလောင်းကစားမှုတွေနဲ့ပတ်သက်ပြီး နှိမ်နင်းရေးများ ဆောင်ရွက်ရာမှာ ထိုင်း-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ မြဝတီမြို့အနီး ရွှေကုက္ကိုနဲ့ KK Park နယ်မြေအတွင်းမှာလည်း အွန်လိုင်းလိမ်လည်မှု အွန်လိုင်းလောင်းကစားမှုတွေ ကျူးလွန်ဖို့ အဓမ္မလူကုန်ကူးခြင်းခံရတဲ့ တရုတ်နိုင်ငံသား (၃၉) ဦး၊ ကာဇက်စတန် နိုင်ငံသား (၁) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၅) ဦး၊ အီသီယိုးပီးယားနိုင်ငံသား (၁) ဦး၊ ပါကစ္စတန်နိုင်ငံသား (၁)ဦး၊ မလေးရှားနိုင်ငံသား(၁) ဦး၊ အိန္ဒိယနိုင်ငံသား (၁၃) ဦး စုစုပေါင်း (၆၁) ဦး တို့ကို ဖော်ထုတ်ရရှိပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံတော်အစိုးရ တာဝန်ရှိတဲ့သူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက  ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူများကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ၎င်းတို့ကို စစ်ဆေးမေးမြန်းချက်များအရ သူတို့သည် ကွန်ပျူတာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဘာသာပြန်လုပ်ငန်းတွေမှာ လစာတွေအများအပြား လုပ်ကိုင်ရမည်ဟု အွန်လိုင်း ကနေတစ်ဆင့် သွေးဆောင်စည်းရုံးခြင်း၊ မက်လုံးပေးသိမ်းသွင်းခြင်း၊ လိမ်လည်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။ သူတို့က သက်ဆိုင်ရာနိုင်ငံအသီးသီးကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၎င်းမှတစ်ဆင့် မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို ကနဦးရောက်ရှိလာပြီး တရားမဝင် ကျားဖြန့် လုပ်ငန်းက ကိုယ်စားလှယ်တွေက ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ သောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကျော်ခေါ်ဆောင်ပြီး မြဝတီ ရွှေကုက္ကိုနဲ့ KK park နယ်မြေအတွင်း အွန်လိုင်း လိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခြင်းခံခဲ့ရကြောင်း  သိရှိခဲ့ ရပါတယ်။

          အလားတူ ရှမ်းပြည်နယ်အရှေ့မြောက် အရှေ့ဘက်မှာလည်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်နဲ့ ပတ်သက်တဲ့ အခြားဒုစရိုက်မှုများနဲ့ပတ်သက်တဲ့ ဒုစရိုက်မှုတွေကို နိုင်ငံတော်အစိုးရအနေနဲ့ စစ်ဆင်ရေးတစ်ရပ်သဖွယ် ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့ မိုင်းဟဒေသအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းအရ  လုံခြုံရေးတပ်ဖွဲ့များဟာ သွားရောက်ပြီး နယ်မြေစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ မိုင်းရယ်မြို့နယ် မိုင်းဟဒေသ နောင်ဟန်ရွာအနီးမှာ ကျားဖြန့်လုပ်ငန်းများ ဆောင်ရွက်နေတဲ့ အဆောက်အအုံ ၇ လုံးကို တွေ့ရှိတဲ့အတွက် ဝင်ရောက်ပြီး ရှင်းလင်းခဲ့ရာမှာ လက်နက်များ၊ ခဲယမ်းများ နဲ့အတူ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ရာမှာ အသုံးပြုတဲ့  ဖုန်း ၁၈၁ လုံး၊ လပ်တော့ ၂၅ လုံး၊ Desktop ၂၁ လုံး၊ ကီးဘုတ် ၂၈ ခုနဲ့  ဝိုင်ဖိုင်စက် ၂ လုံး၊ စတားလင့် အင်တာနက်ဆက်သွယ်ရေး စက် ၂ စုံနဲ့ ဆိုလာများ၊ ဘက်ထရီများ ဖမ်းဆီးရမိခဲ့ပါတယ်။ 

          တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ မိုင်းရယ်မြို့အရှေ့တောင်ဘက် သတင်းရတဲ့နေရာကို သွားရောက်ရှင်းလင်းတဲ့အခါမှာ ကျားဖြန့်လုပ်ငန်းကို အကာကွယ်ပေးနေတဲ့ လက်နက်ကိုင် သောင်းကျန်းသူ ၅ ဦးနဲ့ ပစ်ခတ်တာ ခံခဲ့ရပါတယ်။ မိမိဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ သေဆုံးဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ပါတယ်။ အဲဒီမှာတော့ တရုတ်နိုင်ငံသား ကျား(၇)ဦး၊ မ(၁)ဦး၊ မြန်မာနိုင်ငံသား ကျား(၈)ဦး၊ မ(၄)ဦးတို့ကို လက်နက်(၆)လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ၎င်းနယ်မြေကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အသေးစိတ်စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်ခဲ့တဲ့နေရာမှာ မိုင်းကောင်ရဲ့အနောက်တောင်ဘက် နေရာ ၂ ရာကနေ ထွက်ပြေးတိမ်းရှောင် နေတဲ့ တရုတ်နိုင်ငံသား ကျား(၃)ဦး၊ မ(၁)ဦး ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် မိုင်းကောင်ရဲ့ အနောက်တောင်ဘက်ကို ထပ်မံရှာဖွေတဲ့နေရာမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဗီယက်နမ်နိုင်ငံသား မ(၁၈)ဦး၊ မြန်မာနိုင်ငံသား ကျား(၂)ဦး၊ မ(၂၅)ဦးနဲ့ စုစုပေါင်း (၄၅)ဦးတို့ကို ကွန်ပျူတာ(၇၂)လုံး၊ Star Link အင်တာနက်စက် (၅)လုံး၊ ဖုန်းမျိုးစုံ (၇၉)လုံး၊ ငါးဂိမ်းစက်(၅)လုံး၊ မော်တော်ယာဉ် (၂)စင်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူများကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီ Online လောင်းကစားမှု၊ ငွေကြေးလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး နယ်စပ်ဒေသများမှာဖြစ်ပေါ်နေတဲ့ တရားမဝင် Online လောင်းကစားမှုများကို နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနဲ့စပ်လျဉ်းပြီးလည်း မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အစိုးရအဖွဲ့အစည်းအဝေးမှာ ညွှန်ကြားခဲ့သလို မြန်မာနိုင်ငံအစိုးရအနေနဲ့ Online လိမ်လည်မှု၊ လောင်းကစားမှုများဟာ မိမိတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သာမကဘဲနဲ့ လူသားအားလုံးအပေါ်မှာ လိမ်လည်ပြစ်မှု ကျူးလွန်ခြင်း၊ အခြားဆက်စပ် ပြစ်မှုကျူးလွန်ခြင်း များဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းများ နဲ့ပူးပေါင်းပြီး ပြတ်ပြတ်သားသား ချေမှုန်းသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

          နောက်တစ်ခုက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်လှုံ့ဆော်သူများအနေနဲ့ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင်၊ ကြောက်လန့်အောင် လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာနိုင်စေရေး ဆောင်ရွက် ထားရှိပြီးဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Website ၊ webportal ၊ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ Website ၊ webportal နဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Website ၊ webportal ၊ မြဝတီ webportal ၊ Myanmar National portal တို့မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စတွေနဲ့စပ်လျဉ်းပြီး စုံစမ်းမေးမြန်း တာတွေ မသမာမှုများနဲ့ပတ်သက်ပြီး တိုင်ကြားခြင်းတွေကို တိကျစွာဆက်သွယ် သတင်းပေးပို့ နိုင်ကြောင်းနှင့် မမှန်မကန်သတင်းပို့ခြင်း၊ တိုင်းကြားခြင်းများပြုလုပ်ပါက ဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားတာကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ထိုနေရာမှာလည်း Update ပြုလုပ်ပေးထားတဲ့ ဖုန်းနံပါတ်များကို ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီနေရာကနေ သတင်းပေး တိုင်ကြားခဲ့လို့လည်း မသမာမှုများနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်း၊ အရေးယူခြင်းများ ဆောင်ရွက် ခဲ့ပြီးဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသားအသက်ဘယ်လောက်ဆိုတာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုမူတည် ပြီးတော့ အမျိုးသမီးများကို ခြိမ်းခြောက်နေတာမျိုးတွေရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့အတိအလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း  အမျိုးသမီးပြည်သူ့ စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။