တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် အခြေပြု၍ ကျွန်းစုမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူ ၈၀၇ ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၇ ဦး၊ ခွဲစိတ်ရောဂါ ၆၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၇ ဦး၊ ကလေးရောဂါ ၁၀၅ ဦး၊ အရိုးရောဂါ ၇၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၁ ဦး၊ မျက်စိရောဂါ ၁၅၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၈ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၀ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၄ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးကုသမှုခံယူနေသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားသည်။
ထို့နောက် တိုင်းမှူးက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ပေါ်တွင် မွေးဖွားခဲ့သော မောင်ညီလွင်ပိုင် အား ဆေးဝါးနှင့်စားသောက်ဖွယ်ရာများပေးအပ်ကာ မျက်စိခွဲစိတ်ကုသမှုခံယူပြီးသည့် လူနာ များအား မျက်မှန်များတပ်ဆင်ပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။