တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်​ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ - ၂၀

Monday, January 20, 2025 - 15:15

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာ၊ ညောင်ချောင်းဘုန်းတော်ကြီးကျောင်းရှိ ရတနာသုခဓမ္မဗိမာန်တော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၂၄ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၈၉ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/မီးယပ်ရောဂါ  ၁၇ ဦး၊ ကလေးရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၇၀ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ ၃၉ ဦး၊ မျက်စိရောဂါ ၉၈ ဦး၊ သွားရောဂါ ၄၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦးတို့ကို ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၂၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ  ၂၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၄၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၅ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

၎င်းအပြင် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ ဇန်နဝါရီလ ၁၉ ရက်၊ ည ၈ နာရီ ၃၃ မိနစ်ခန့်တွင် ကျိုက်လတ်မြို့နယ်၊ ဒရယ်ချိုကျေးရွာ​နေ ဦးလင်းနိုင်ဦး ၏ဇနီးဖြစ်သူ ဒေါ်ဝေဝေမျိုး ကို ၅ ပေါင်  ၈  အောင်စရှိ သားဦးယောင်္ကျား လေးတစ်ဦးအား အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။ အဆိုပါ ကလေးငယ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ပေးအပ်သည့် ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စား ပေးအပ်ခဲ့ သည်။

အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း တတိယအကြိမ်မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၏ သမိုင်းမှတ်တမ်း တွင် ၃၁ ဦးမြောက်အဖြစ် အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကာ နယ်လှည့်အထူးကုဆေးအဖွဲ့အတွက် ဆေးဝါးများနှင့် ဒေသထွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ကြားသိခဲ့ရပါသည်။