တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ကျိုက်လတ် မြို့နယ်၊ သပြုဆိပ်​ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ - ၁၉

Sunday, January 19, 2025 - 14:30

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာသို့  ရောက်ရှိကြရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာ၊ ညောင်ချောင်းဘုန်းကြီးကျောင်းရှိ ရတနာသုခဓမ္မဗိမာန်တော်တွင်   အခြေပြု၍ အဆိုပါ မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၁၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၁၁ ဦး၊ ခွဲစိတ်ရောဂါ ၁၅ ဦး၊ သားဖွား/မီးယပ်ရောဂါ  ၁၉ ဦး၊ ကလေးရောဂါ ၃၁ ဦး၊ အရိုးရောဂါ ၈၆ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ ၃၈   ဦး၊ မျက်စိရောဂါ ၇၇ ဦး၊ သွားရောဂါ ၄၀  ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၆ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့်စမ်းသပ်စစ်ဆေးလူနာ ၃၁ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ  ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၄ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ထို့ပြင် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ ဇန်နဝါရီလ ၁၈ ရက်၊ ည ၈ နာရီ ၆ မိနစ်ခန့်တွင် မအူပင်မြိ​နယ်၊ အလန်းကြီးကျေးရွာ​နေ ဦးဝင်းထွန်းနိုင်     ၏ ဇနီးဖြစ်သူ ဒေါ် မြတ်သူအောင်ကို ၇ ပေါင်  ၇  အောင်စရှိ မိန်းကလေးတစ်ဦးအား အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိသည်။ အဆိုပါ ကလေးငယ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ပေးအပ်သည့် ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စား ပေးအပ်ခဲ့ သည်။

အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ဒုတိယအကြိမ်မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၏ သမိုင်းမှတ်တမ်း တွင် ၃၀ ဦးမြောက်အဖြစ် အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။