ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ၊ လောကသရဖူသွန်း ဘုရားကြီး၊ ရာပြည့်ဓနသိဒ္ဓိတန်ဆောင်းတော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၇၅ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၅၆ ဦး၊ ခွဲစိတ်ရောဂါ ၆၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၁၀၆ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ ၉၂ ဦး၊ မျက်စိရောဂါ ၉၃ ဦး၊ သွားရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့အပြင်အထွေထွေခွဲစိတ်လူနာ ၁၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁ ဦး တို့ကို ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၂၃ ဦး၊ အာထရာဆောင်း ဖြင့်စမ်းသပ်စစ်ဆေးလူနာ ၅၈ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၂၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၁၀၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၅ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။