နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားတက်ရောက်

Thursday, January 16, 2025 - 16:15

    တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

    အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီး များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
    ဦးစွာကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက် နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ 
    ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ရောက်ရှိလာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။ 
    ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(လေ)အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။
    ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် နည်းပြလေသူရဲများက အမောင်းသင်လေယာဉ်များ၊ အမောင်းသင်ရဟတ်ယာဉ်များဖြင့် အုပ်ဖွဲ့ ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်အား အလေးပြုကြသည်။ 
    ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ကျောင်းဆင်း အရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်းအပ်နှင်းသည်။
    ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)က လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၆)မှ စံပြလေသူရဲဆုနှင့် လေယာဉ်မောင်းထူးချွန်ဆုရ လေ ၄၅၄၄၈ ဗိုလ် ဆက်နိုင်လွင် အား လည်းကောင်း၊ စာပေထူးချွန်ဆုရ လေ ၄၅၈၈ ဗိုလ် ဒေါ်ယုဇနထွန်း အားလည်းကောင်း ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။ 
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် တပ်မတော်(လေ)အတွက်သာမက နိုင်ငံတော်နှင့် တပ်မတော် အတွက်ပါ အားသစ်လောင်းမည့် မျိုးဆက်သစ်လေသူရဲများကို အောင်မြင်စွာလေ့ကျင့် မွေးထုတ် ပေးနိုင်ခဲ့သည့်အတွက် မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ နေ့တစ်နေ့ဖြစ်ကြောင်း။ လေသူရဲများ ဖြစ်လာအောင်လေ့ကျင့်ပေးရာမှာ နိုင်ငံတော်အနေနှင့် မျှော်မှန်းချက် ကြီးမားစွာထားရှိပြီး အချိန်ပေါင်းများစွာ၊ အရင်းအမြစ်ပေါင်းများစွာ၊ ငွေပေါင်းများစွာ အကုန်အကျခံ ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ မျှော်မှန်းချက်များ အကောင်အထည် ပေါ်လာရေးအတွက် မိမိကိုယ်မိမိတန်ဖိုးထားပြီး ကြိုးပမ်းတာဝန်ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။
    သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာပျံသန်းရေးအုပ်များကို ရောက်ရှိသွားချိန်တွင် တစ်ဦးချင်းအနေဖြင့် ပျံသန်းရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး အရာရှိ များဖြစ်သည့်အတွက် ခေါင်းဆောင်မှုတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် လက်အောက်ငယ်သားများ၏ ရိုသေလေးစားမှု၊ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာ လိုက်ပါ လုပ်ဆောင် မှုတို့ရရှိလာအောင် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်ပြီး ရည်မှန်းချက်တာဝန်များကိုပါ ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင်နိုင်စွမ်းရှိသည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်တိုက်ပွဲ ဝင်ရာတွင်ဖြစ်စေ၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် အခြားတာဝန်များကို ထမ်းဆောင်ရာတွင် ဖြစ်စေ၊ စိတ်ဓာတ် မြင့်မားခိုင်မာနေမှသာ ပေးအပ်သည့်လုပ်ငန်းတာဝန်များ ကို အောင်အောင် မြင်မြင် အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ လေယာဉ်/ ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့် သူများအနေဖြင့် တိုက်ပွဲဝင် လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်အောင်၊ ခံယူချက် ယုံကြည်ချက် မြင့်မား ခိုင်မာနေအောင် ကြိုးစားလေ့ကျင့်တည်ဆောက်သွားကြရန် မှာကြားလိုပါကြောင်း။
    မြန်မာနိုင်ငံသား တပ်မတော်သား လေသူရဲများဖြစ်သည့်အတွက် နိုင်ငံတော်က ထုတ်ပြန်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ တပ်မတော်က ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ၊ လုပ်ထုံးလုပ်နည်းများကို အပြည့်အဝ လိုက်နာ စောင့်ထိန်းရမည်ဖြစ်ပြီး ပျံသန်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက် များကိုလည်း အတိအကျ လိုက်နာလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်မြင့်မားပြီး တိုက်စွမ်းရည် ပြည့်ဝသည့် လေသူရဲကောင်းများဖြစ်လာစေရန် ပျံသန်းရေးနှင့်လုပ်ငန်းခွင်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ကန့်သတ်ချက်၊ သတ်မှတ်ချက်များကို ခြွင်းချက်မရှိ အတိအကျ လိုက်နာစောင့်ထိန်းကြရန် မှာကြားလိုကြောင်း၊ လေသူရဲတစ်ဦးအတွက် ကျန်းမာရေး ကောင်းမွန်ရန်၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုရှိရန် လွန်စွာအရေးကြီးကြောင်း၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် နေမှသာ စိတ်ဓာတ်ခွန်အားကောင်းမွန်မြင့်မားပြီး မှန်ကန်မြန်ဆန်သည့် ဆုံးဖြတ်ချက်များ ချမှတ် နိုင်ကာ ပေးအပ်သည့် စစ်ဆင်ရေးနှင့် ပျံသန်းရေးတာဝန်များကို နေရာအချိန် အခါမရွေး အင်ပြည့် အားပြည့် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။
    လေကြောင်းအာကာသနယ်ပယ်တွင်လည်း လေကြောင်းစွမ်းအားစုများသည် စစ်ပွဲ အောင်နိုင်ရေးအတွက်သာမက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူနေမှုဘဝ အေးချမ်းတိုးတက်ပြည့်စုံရေးအတွက်ပါ ဘက်ပေါင်းစုံက အထောက်အကူများစွာ ပြုလျက် ရှိကြောင်း၊ လေကြောင်းစွမ်းအားစုများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် သိပ္ပံနည်းပညာ ရပ်များ၊ စစ်နည်းဗျူဟာများ၊ စစ်ဆင်အသုံးချမှုနည်းလမ်းများလည်း အချိန်နှင့်အမျှ တိုးတက်ဖွံ့ဖြိုး ပြောင်းလဲဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်က Supersonic နည်းပညာသည် ရှေ့တန်းက ရှိခဲ့ရာမှ ယခုအခါ Hypersonic အဆင့်သို့ တက်လှမ်းနေပြီ ဖြစ်ကြောင်း၊ ခေတ်မီအဆင့်မြင့် သိပ္ပံနှင့် နည်းပညာများ၊ စစ်နည်းဗျူဟာနှင့် စစ်ဆင်မှုနည်းလမ်းများကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူး နေကြရန်နှင့် လက်တွေ့အသုံးချနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း။
    ယခုအခါ လေသူရဲတောင်ပံအပ်နှင်းခံရပြီး သက်ဆိုင်ရာပျံသန်းရေးအုပ်အသီးသီးတွင် စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးအပါအဝင် ပျံသန်းရေးတာဝန်အမျိုးမျိုးကို နောင်တော် လေသူရဲများ နှင့်လက်တွဲကာ စတင်ထမ်းဆောင်ကြရတော့မည်ဖြစ်သောကြောင့် ပျံသန်းရေး တာဝန်များ သာမက ပေးအပ်လာမည့် အခြားသောလုပ်ငန်းတာဝန်များကိုလည်း ကျေပွန်အောင် ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)၏ ကောင်းမွန်မြင့်မြတ်သည့် အစဉ်အလာများ၊ နောင်တော် လေသူရဲများ၏ စွန့်လွှတ်စွန့်စားမှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုများ၊ ပျံသန်းရေး၊ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး ၃ ရပ်က ဝိုင်းဝန်းပံ့ပိုး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်(လေ) စစ်သည်တော်အပေါင်း၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို စောင့်ထိန်းစံပြု ဥပမာယူပြီး ကိုယ်တိုင်လည်း နိုင်ငံတော်နှင့် တပ်မတော်က အားထားရမည့် လေသူရဲကောင်းများ ဖြစ်လာ အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြား လိုကြောင်းဖြင့် ပြောကြားသည်။
    ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ဝေဟင်မှ အုပ်ဖွဲ့ပျံသန်းအလေးပြုခဲ့ကြသည့် နည်းပြလေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်ကာ ကျောင်းဆင်း အရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် လေကြောင်း စစ်ဆင်ရေးသင်တန်းကျောင်းဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ကျောင်းဆင်းအရာရှိများနှင့် မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
    ယနေ့ လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာလေယာဉ်/ရဟတ်ယာဉ်အလိုက် ပျံသန်းရေးအုပ်များတွင် ဆက်လက်တာဝန်ပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။
    ထို့နောက်ညပိုင်းတွင် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်း တောင်ပံ အပ်နှင်းပွဲ ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း နှင့်ဇနီး၊  စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် နှင့်ဇနီး၊  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် နှင့်ဇနီး၊ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် ဇနီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
    ဂုဏ်ပြုညစာစားပွဲကျင်းပနေစဉ် ကျောင်းဆင်းအရာရှိများနှင့် တပ်မတော်(လေ) မိသားစုဝင်များက တပ်မတော်(လေ) တေးဂီတအဖွဲ့နှင့် တွဲဖက်၍ အဆို၊ အကများဖြင့် ဧည့်ခံ ဖျော်ဖြေကြသည်။
    ညစာစားပွဲအခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။