ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ဇန်နဝါရီလ ၁၄ရက်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ တပ်နယ်ခန်းမ၌ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်၊ တပ်မတော်အရာရှိကြီး များနှင့် တာဝန်ရှိသူများ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးမှအမှာစကားပြောကြားရာတွင် တစ်ဦးချင်းစွမ်းရည်မြှင့်တင်ရေး၊ တပ်ဖွဲ့လိုက်စွမ်းရည်မြှင့်ရေးတို့အတွက် အမြဲလေ့ကျင့်နေရန်၊ တပ်တိုင်း၊ ရဲဘော်တိုင်း ရှိရမည့် အခြေခံအရည်အချင်းငါးပါးကို သိရှိနားလည်ပြီး ကျင့်ကြံလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တပ်နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက် ရောက်ကုသနေသည့် စစ်သည်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး အဟာရ ဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။
အလားတူညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အတူ လဟယ်မြို့ နယ်မြေခံတပ်ရင်းသို့ သွားရောက်ပြီး တပ်ရင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။