၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာရှိ PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်တွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ)မှာ ပါးစပ်အတွင်း ကျွန်းရွက်ခြောက်များဆို့သွင်းထားပြီး လက်နှစ်ဖက်နှင့်ခြေထောက်နှစ်ဖက် တို့အား အင်္ကျီ/ပလပ်စတစ်ကြိုးများဖြင့် ချည်နှောင်လျက် ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ခန္ဒာကိုယ်၌ ပွန်းခြစ်ဒဏ်ရာများ၊ ဝဲဘက်နားသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ရွာကောက်နယ်မြေရဲစခန်း(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်းသတင်းရယူ စုံစမ်းခြင်းများဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း(၁)ရပ်ကွက်နေ ကျော်ဇင်မိုး(၃၄)နှစ်(ဘ)ဦးအောင်မြင့်ဖြစ်ကြောင်းနှင့် ၎င်းသည် ဇန်နဝါရီလ ၆ ရက်နေ့ ည ၈ နာရီခွဲ အချိန်က နေအိမ်မှ နှင်းဆီအဝိုင်းဘက်သို့ ၄၇ယ/၃၂၁၉၃ နံပါတ်ပါ Scoppy အမျိုးအစားဆိုင်ကယ် ၁ စီးဖြင့် သွားရောက်ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ Scoppy အမျိုးအစားဆိုင်ကယ် ၁ စီး၊ Infinix အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်ပါ ပိုက်ဆံအိတ် ၁ လုံး၊ ယာဉ်မောင်းလိုင်စင် ၁ ခု၊ စမတ်ကတ်တို့နှင့်အတူပျောက်ဆုံးနေသူဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြစ်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ နယ်မြေအတွင်း မိမိအမာခံသတင်းပေးများထံမှရရှိသော အချက်အလက်များနှင့် အခင်းဖြစ်ရပ်အထောက် အထားများအရ ဇန်နဝါရီလ ၁၂ ရက်နေ့ညပိုင်းတွင် တရားခံ ပျဉ်းမနားမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ဝေဠုကျော်(၂၀)နှစ်(ဘ)ဦးမျိုးအောင်နှင့် သဲကျွန်းကျေးရွာနေ ကောင်းခန့်ဇော်(ခ)ဆင်ပေါက်(၁၆)နှစ် (ဘ)ဦးသိန်းလွင်တို့ ၂ ဦးတို့အား ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်စဉ်ကလုယက်ယူ ဆောင်သွားခဲ့သည့် သက်သေခံ Scoppy အမျိုးအစားဆိုင်ကယ် ၁ စီးနှင့် Infinix အမျိုးအစားလက်ကိုင် ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဝေဠုကျော်နှင့် ကောင်းခန့်ဇော်(ခ)ဆင်ပေါက်တို့၏ ထွက်ဆိုချက်အရ ၎င်းတို့ နှင့်အတူ ပြစ်မှုကျူးလွန်ရာ၌ပါဝင်သူ ဖမ်းဆီးရန်ကျန်တရားခံ ကျော်ဇင်ထက်(စိစစ်ဆဲ)တို့ ၃ ဦးသည် PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်၌ ခင်မင်ရင်းနှီးသူ ကျော်ဇင်မိုးနှင့် တွေ့ဆုံစဉ် ငွေကြေးလိုအပ်ချက်အရ ကျော်ဇင်မိုးအား သတ်ဖြတ်ခဲ့ကြပြီး ၎င်း၏ Scoppy အမျိုးအစား ဆိုင်ကယ်နှင့် infinix အမျိုးစားလက်ကိုင် ဖုန်း ၁ လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်တို့အား လုယက်ယူဆောင် ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ တရားခံ ဝေဠုကျော်နှင့် ကောင်းခန့်ဇော်(ခ)ဆင်ပေါက် တို့ ၂ ဦးအားဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ဇင်ထက်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။