တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိကျေးရွာများမှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရန်ကုန်မြို့မှ ထွက်ခွာ
နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ - ၁၄ ရက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင် သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဗောတံတားမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းတစ်လျှောက်မှ မြို့နယ်၊ ကျေးရွာများ နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၂)ရေတပ် ဆိပ်ခံတံတား(သန်လျင်)မှလည်းကောင်း အသီးသီးထွက်ခွာကြရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိ များ၊ သူနာပြုစစ်သည်များနှင့်သူနာပြုရဲမေများလိုက်ပါသွားကာ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှု ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ရောဂါဗေဒပါရဂူများဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသခြင်း၊ ECG စက်၊ ဓာတ်မှန်ရိုက်စက်များဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်း များကိုလည်း ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
ထို့ပြင် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ဆေးရုံတင်ကုသမှုများဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)ပေါ်တို့တွင် လူနာ(၃၀)ဦး အထိလည်းကောင်း၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်တွင် လူနာ(၂၅)ဦးအထိ လည်းကောင်း တင်ဆောင်ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွားမီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်များလည်းပါရှိကြောင်း သတင်းရရှိသည်။