ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ မြေပြင်စိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအတွက် အဘက်ဘက်မှ အသင့်ဖြစ်နေစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေး သည် အဓိက ကျပါကြောင်း၊ မဲစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးပို့ သည့် ပုံစံ (၆၆/၆) ကို အခြေခံသည့်လူဦးရေစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပေးပို့သည့် မြေပြင်လူဦးရေစာရင်း နှစ်ခုကို အခြေခံပြီး ကော်မရှင်က ပြုစုရပါကြောင်း၊
ကော်မရှင်အနေဖြင့် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ဗဟိုကော်မတီက ပေးပို့လာသည့် လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင် စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) အတွင်း ထည့်သွင်း ပြုစုထားပြီး ဖြစ်ပါကြောင်း၊
ဆောင်ရွက်ရာတွင် ကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့သည် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေး နိုင်ရေးနှင့် လူဦးရေစာရင်းများကို မြေပြင်စိစစ် အတည်ပြုနိုင်ရေး စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည့်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ထံမှလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ တောင်းခံသွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မြေပြင်စိစစ် အတည်ပြုနိုင်ရေး လုပ်ငန်းများနှင့် ဝန်ကြီးဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သတ်မှတ်မဲရုံ အလိုက် မဲစာရင်းပြုစုရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ အိမ်ထောင်စုအမှတ်စဉ်များ သတ်မှတ်ဖြည့်သွင်းနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
၎င်းနောက် တက်ရောက်လာသူများမှ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှတာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှရွေးကောက်ပွဲအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။