တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကို ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ ၆

Monday, January 6, 2025 - 14:45

ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအစပ်ရှိ တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကိုဖမ်းဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စနစ်တကျဖွဲ့စည်းထားရှိပြီး ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ရွေးချယ်ခေါ်ဆောင်လျက်ရှိပြီး ဥပဒေမဲ့ ဖမ်းဆီးခြင်းများမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ဥပဒေမဲ့ဖမ်းဆီးပြီး လူသစ်စုဆောင်း ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါသတင်းသည် တရားမဝင်ပြည်ဖျက် မီဒီယာများက  လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်နှင့် ပြည်သူလူထုစိုးရိမ် ပူပန်မှုမြင့်တက်စေရန်အတွက် လုပ်ကြံရေးသားကာ ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။