ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုက်ဘာလုံခြုံရေးဥပဒေ  ( နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၁  /  ၂၀၂၅ )၁၃၈၆  ခုနှစ်၊ ပြာသိုလဆန်း  ၃   ရက်  ( ၂၀၂၅  ခုနှစ်၊ ဇန်နဝါရီလ  ၁   ရက် )

Wednesday, January 1, 2025 - 17:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် စီရင်ပိုင်ခွင့်

၁။      ဤဥပဒေကို ဆိုက်ဘာလုံခြုံရေးဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။       ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်စေရမည်။

၃။      (က)    မည်သူမဆို ဤဥပဒေအရ အရေးယူနိုင်သော အောက်ဖော်ပြပါ ပြစ်မှုတစ်ရပ်ရပ်ကို    ကျူးလွန်လျှင် ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမည် -

(၁)     ပြည်တွင်းတွင်ဖြစ်စေ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင် ထားသော ရေယာဉ် သို့မဟုတ် လေယာဉ်တစ်ခုခုပေါ်တွင်ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ၊

(၂)      အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း၌ ဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ် နှင့် ချိတ်ဆက်နေသော အခြားဆိုက်ဘာနယ်ပယ် တစ်ခုခု၌ဖြစ်စေ ကျူးလွန် သည့် ပြစ်မှုများ၊

(ခ)     ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်အား ပြည်ပရောက် မြန်မာနိုင်ငံသားက ကျူးလွန်လျှင် ဤဥပဒေအရ စီရင်ပိုင်ခွင့် ရှိစေရမည်။

 

အခန်း (၂)

အဓိပ္ပာယ်ဖော်ပြချက်

၄။      ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -

(က)    နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ)     ဗဟိုကော်မတီ ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ဤဥပဒေအရ ဖွဲ့စည်းသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီကို ဆိုသည်။

(ဂ)     ဦးစီးကော်မတီ ဆိုသည်မှာ ဗဟိုကော်မတီက ဖွဲ့စည်းသည့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ ဦးစီးကော်မတီကို ဆိုသည်။

(ဃ)    ဝန်ကြီးဌာန ဆိုသည်မှာ ဤဥပဒေပါ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက် သည့် ဝန်ကြီးဌာနကို ဆိုသည်။

(င)     ဆက်စပ်ဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်း ဆိုသည်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့က ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် သက်ဆိုင်သည်ဟု သတ်မှတ် သည့် ပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ခုခုကို ဆိုသည်။

(စ)     ဦးစီးဌာန ဆိုသည်မှာ ဤဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ဝန်ကြီးဌာနက တာဝန်ပေးအပ်သော ဦးစီးဌာနကို ဆိုသည်။

(ဆ)    စုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်း စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရန် ဦးစီးကော်မတီက ဗဟိုကော်မတီ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းသောအဖွဲ့ကို ဆိုသည်။

(ဇ)     ဆိုက်ဘာလုံခြုံရေး ဆိုသည်မှာ သတင်းအချက်အလက်၊ ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အီလက်ထရောနစ် သတင်းအချက်အလက်ကို ခွင့်ပြုချက်မရှိဘဲ ရယူမှု၊ ထုတ်ဖော်ရေးသားမှု၊ ပြောဆိုမှု၊ ပေးပို့မှု၊ ဖြန့်ဝေမှု၊ အသုံးပြုမှု၊ နှောင့်ယှက်မှု၊ ပြုပြင် ပြောင်းလဲမှု၊ ဖျက်ဆီးမှု သို့မဟုတ် အရေးကြီးသတင်းအချက်အလက် အခြေခံ အဆောက်အအုံကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှု၊ နှောင့်ယှက်မှု၊ ပြုပြင်ပြောင်းလဲမှု၊ ဖျက်ဆီးမှုနှင့် ၎င်းတို့ကိုပြုလုပ်ရန်ကြိုးပမ်းအားထုတ်မှုအား ကာကွယ်ခြင်းလုပ်ငန်း ကို ဆိုသည်။

 (ဈ)    ဆိုက်ဘာလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူနည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုပေးသော လုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် ဝန်ဆောင်မှုလုပ်ငန်းလည်း ပါဝင် သည်။

(ည)    ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ ဆိုသည်မှာ နိုင်ငံတော် အတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိ သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

(ဋ)     ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူနည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ အွန်လိုင်း တွင် သတင်းအချက်အလက်ကို သုံးစွဲသူမှ ဖော်ပြခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် အသုံးပြုခြင်း ပြုလုပ်နိုင်စေရန် ဝန်ဆောင်မှုပေးသော လုပ်ငန်းတစ်မျိုး မျိုးကို ဆိုသည်။

(ဌ)     ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ ဆိုသည်မှာ နိုင်ငံတော် အတွင်း အသုံးပြုနိုင်သည့် ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက် သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

(ဍ)     သတင်းအချက်အလက် ဆိုသည်မှာ အချက်အလက် (Data)၊ အချက်အလက် အစုအဝေး (Database)၊ အသံ၊ စာသား၊ ပုံရိပ်သဏ္ဍာန်၊ ကုဒ်သင်္ကေတ (Code)၊ လက္ခဏာ သင်္ကေတ (Sign)၊ အချက်ပြသင်္ကေတ (Signal)၊ ဗီဒီယို (Video)၊ ဆော့ဖ်ဝဲ (Software) သို့မဟုတ် အပလီကေးရှင်း (Application) တို့ကို ဆိုသည်။

(ဎ)     အီလက်ထရောနစ်သတင်းအချက်အလက် ဆိုသည်မှာ ဖက်စ်၊ အီးမေးလ်တို့ အပါ အဝင် အီလက်ထရောနစ် နည်းပညာဖြင့်ဖြစ်စေ၊ လျှပ်စစ်သံလိုက်လှိုင်း နည်းပညာ ဖြင့်ဖြစ်စေ၊ အခြားနည်းပညာတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖန်တီးထားသော၊ ပေးပို့သော၊ လက်ခံသော သို့မဟုတ် သိုမှီးထိန်းသိမ်းထားသော သတင်းအချက်အလက်ကို ဆိုသည်။

(ဏ) အချက်အလက် (Data) ဆိုသည်မှာ ကွန်ရက် သို့မဟုတ် ကွန်ပျူတာ စနစ်တစ်ခု အတွင်းတွင် ပုံစံအမျိုးမျိုးဖြင့် သိမ်းဆည်းထားနိုင်သည့်အချက်အလက်ကို ဆိုသည်။

(တ)    ဆိုက်ဘာအရင်းအမြစ် ဆိုသည်မှာ ကွန်ပျူတာ၊ ကွန်ပျူတာစနစ်၊ ကွန်ပျူတာ ပရိုဂရမ် သို့မဟုတ် ပရိုဂရမ်၊ ကွန်ရက်၊ ကွန်ရက်အထောက်အကူပြုပစ္စည်း၊ အချက်အလက် အစုအဝေး သို့မဟုတ် ယင်းတို့နှင့်စပ်လျဉ်း၍ တိုးတက်ဖြစ်ပေါ်လာ သော နည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို ဆိုသည်။

 (ထ)   ကွန်ပျူတာ ဆိုသည်မှာ သတင်းအချက်အလက်ကို ရယူခြင်း၊ ထားရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ပေးပို့ခြင်း၊ သိုမှီးထိန်းသိမ်းခြင်း၊ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ခြင်း နှင့် လိုအပ်သောအချိန်၌ ပြန်လည်ဖော်ထုတ်၍ အသုံးပြုခြင်း တို့ကိုလည်းကောင်း၊ သင်္ချာနှင့် ယုတ္တိဗေဒဆိုင်ရာနည်းလမ်းများ အသုံးပြုခြင်းကိုလည်းကောင်း အီလက် ထရောနစ်နည်းပညာဖြင့်ဖြစ်စေ၊ လျှပ်စစ်သံလိုက်လှိုင်းနည်းပညာဖြင့်ဖြစ်စေ၊ အခြား နည်းပညာတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည့် ပစ္စည်းကိရိယာကို ဆိုသည်။

(ဒ)     ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် ဆိုသည်မှာ ကွန်ပျူတာစနစ်တစ်ရပ်ကို လုပ်ဆောင်လည်ပတ်ရာတွင် ကွန်ပျူတာစနစ်မှ လုပ်ဆောင်ချက်တစ်ရပ်ရပ်ကို ဆောင်ရွက်စေနိုင်မည့် အချက်အလက်များကို ရည်ညွှန်းသည့် လမ်းညွှန်ချက် သို့မဟုတ် ဖော်ပြချက်ကို ဆိုသည်။

(ဓ)     ကွန်ပျူတာစနစ် ဆိုသည်မှာ ပရိုဂရမ်တစ်ခုခုဖြင့် အချက်အလက်များကို အလို အလျောက် လုပ်ဆောင်လည်ပတ်စေနိုင်မည့် ပစ္စည်းတစ်မျိုးမျိုး၏ စနစ်ကိုဖြစ်စေ၊ အပြန်အလှန် ဆက်သွယ်တည်ဆောက်ထားသော သို့မဟုတ် ဆက်စပ်လျက်ရှိသော ပစ္စည်းများပါဝင်သည့် ပစ္စည်း၏ စနစ်ကိုဖြစ်စေ ဆိုသည်။ ယင်းစကားရပ်တွင် ကွန်ပျူတာစနစ်နှင့် ချိတ်ဆက်အသုံးပြုသော အချက်အလက်သိမ်းဆည်းသည့် ပစ္စည်း (Removable Storage Medium) တစ်မျိုးမျိုး၏ စနစ်လည်း ပါဝင်သည်။

 (န)    ကွန်ရက် ဆိုသည်မှာ ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူနည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို ဆက်သွယ်ရေးနည်းပညာဖြင့် အချင်းချင်း အပြန်အလှန် ချိတ်ဆက်အသုံးပြုရန် ပြုလုပ်ထားသော ချိတ်ဆက်မှုအစုအဝေးကို ဆိုသည်။

 (ပ)     ဗီပီအန် (Virtual Private Network) ဆိုသည်မှာ ကွန်ရက်တစ်ခုနှင့်တစ်ခု ချိတ်ဆက် ရာတွင် လုံခြုံမှုရှိစေရန် နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ မူလကွန်ရက်အတွင်း ထပ်ပိုးကွန်ရက်အဖြစ် သီးသန့်ထူထောင်ထားသည့် စနစ်ကို ဆိုသည်။

(ဖ)      ကွန်ရက်အထောက်အကူပြုပစ္စည်း ဆိုသည်မှာ ကွန်ရက်လုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုသည့် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ၏ ပစ္စည်းတစ်ခုခုကို သော်လည်းကောင်း၊ ယင်းပစ္စည်းများ ပေါင်းစပ်ထားရှိမှုကို သော်လည်းကောင်း ဆိုသည်။

 (ဗ)     အချက်အလက်ဆန်းစစ်ခြင်း ဆိုသည်မှာ ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူ နည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ ဆောင်ရွက်သည့် သတင်းအချက် အလက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ဆိုက်ဘာလုံခြုံရေး အလို့ငှာ ရယူ၍ ဆန်းစစ်ခြင်း၊ သရုပ်ခွဲခြင်း၊ စစ်ဆေးခြင်း စသည့် လုပ်ဆောင်ချက် တစ်ခုခုပြုလုပ်ခြင်းကို ဆိုသည်။

(ဘ)     မောလ်ဝဲရ် (Malware) ဆိုသည်မှာ ဆိုက်ဘာအရင်းအမြစ်အား အနှောင့်အယှက် ဖြစ်စေသော သို့မဟုတ် အန္တရာယ်ဖြစ်စေသော အဖျက်အမှောင့်ကုဒ်သင်္ကေတ (Malicious Code) ကို ဆိုသည်။

(မ)      ဆိုက်ဘာနယ်ပယ် (Cyber Space) ဆိုသည်မှာ ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူနည်းပညာနှင့် ဆက်စပ်ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြု၍ အီလက်ထရောနစ် သတင်းအချက်အလက်များအား ကွန်ရက်တစ်ခု အတွင်းဖြစ်စေ၊ ကွန်ရက်အချင်းချင်း ချိတ်ဆက်၍ဖြစ်စေ အပြန်အလှန်အားဖြင့် ပေးပို့ခြင်း၊ ဆက်သွယ်ခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် လက်ခံခြင်းများ ဆောင်ရွက်နိုင်သည့် နယ်ပယ်ကို ဆိုသည်။

(ယ)     ဆိုက်ဘာတိုက်ခိုက်ခြင်း ဆိုသည်မှာ ဆိုက်ဘာနယ်ပယ်အတွင်း ဆိုက်ဘာအရင်း အမြစ် သို့မဟုတ် အလားတူနည်းပညာနှင့် ဆက်စပ်ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြု၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားလုံခြုံရေး၊ အများပြည်သူ၏ လုံခြုံရေးနှင့် အသက်အိုးအိမ်စည်းစိမ်တို့ အား ထိခိုက် ပျက်စီးစေခြင်း သို့မဟုတ် သတင်းအချက်အလက် ဆက်သွယ်မှုကို တစ်နည်းနည်း ဖြင့် နှောင့်ယှက်ခြင်း၊ မှားယွင်းစေခြင်း၊ ရပ်ဆိုင်းစေခြင်း သို့မဟုတ် ပျက်စီးစေခြင်း ဖြစ်စေရန် ပြုလုပ်မှုတစ်ခုခုကို ဆိုသည်။

(ရ)      ဆိုက်ဘာမှုခင်း ဆိုသည်မှာ ဆိုက်ဘာနယ်ပယ်အတွင်း ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူနည်းပညာနှင့်ဆက်စပ်ပစ္စည်းတစ်မျိုးမျိုးကို  အသုံးပြု၍ ဤဥပဒေ ပါ ပြစ်မှု တစ်ရပ်ရပ်ကိုဖြစ်စေ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်ဒဏ်ထိုက်သော ပြစ်မှု တစ်ရပ်ရပ်ကို ဖြစ်စေ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေး ကူညီခြင်း၊ လှုံ့ဆော်ခြင်း သို့မဟုတ် ကြံရာပါအဖြစ် ဆောင်ရွက်ခြင်းကို ဆိုသည်။

(လ)     ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်ခြင်း ဆိုသည်မှာ ဆိုက်ဘာနယ်ပယ်အတွင်း ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူနည်းပညာနှင့် ဆက်စပ်ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြု၍ ဆိုက်ဘာလုံခြုံရေးကို ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းကို ဆိုသည်။

(ဝ)      ဒီဂျစ်တယ်ဓာတ်ခွဲခန်း ဆိုသည်မှာ အီလက်ထရောနစ်စနစ်ဖြင့် သိမ်းဆည်းထားသော အချက်အလက်များကို ဖော်ထုတ်ခြင်း၊ ရယူခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာ ခြင်းနှင့် အစီရင်ခံခြင်းတို့ကို ဆောင်ရွက်နိုင်သည့် နည်းပညာအထောက်အကူပြု ဓာတ်ခွဲခန်းကို ဆိုသည်။  

(သ)      အွန်လိုင်းလောင်းကစားစနစ် (Online Gambling System) ဆိုသည်မှာ ဆိုက်ဘာ အရင်းအမြစ် သို့မဟုတ် အလားတူနည်းပညာနှင့် ဆက်စပ်ပစ္စည်းတစ်မျိုးမျိုးကို လောင်းကစားကိရိယာအဖြစ် အသုံးပြု၍ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်း တစ်ခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက် သော်လည်းကောင်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်း သို့မဟုတ် သတ်မှတ်ချက် တစ်စုံ တစ်ရာအတွက်သော်လည်းကောင်း လောင်းကစားခြင်း ပြုလုပ်နိုင်သည့်စနစ်ကို ဆိုသည်။

 (ဟ)   ဆိုက်ဘာလုံခြုံရေးဆိုင်ရာအဖွဲ့ ဆိုသည်မှာ နိုင်ငံတော်အတွင်း ဆိုက်ဘာလုံခြုံရေး ဆိုင်ရာလှုပ်ရှားမှုများကို အကျိုးအမြတ်ရယူခြင်း မရှိဘဲဆောင်ရွက်ရန် ဦးစီး ကော်မတီက သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုထားသည့် အဖွဲ့ကို ဆိုသည်။

အခန်း (၃)

ရည်ရွယ်ချက်

၅။      ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)    ဆိုက်ဘာအရင်းအမြစ်၊ အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ များနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များအား လုံခြုံစိတ်ချစွာ အသုံးပြု နိုင်ရန်၊

(ခ)     အီလက်ထရောနစ် နည်းပညာများအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံးပြုခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ် စောင့်ရှောက်နိုင်ရန်၊

(ဂ)     ဆိုက်ဘာလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာ စေရန်၊

(ဃ)    ဆိုက်ဘာမှုခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန်၊

(င)     ဆိုက်ဘာအရင်းအမြစ်ကို အခြေခံသော ဒီဂျစ်တယ်စီးပွားရေးစနစ်ကို အထောက် အကူပြုနိုင်စေရန်။

 

အခန်း (၄)

ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၆။      ပြည်ထောင်စုအစိုးရအဖွဲ့သည် -

(က)    ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ ဒုတိယသမ္မတတစ်ဦးကို ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးကို ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများနှင့် ဆက်စပ်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများကို အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်စေလျက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟို ကော်မတီကို ဖွဲ့စည်းရမည်။

(ခ)     ဗဟိုကော်မတီကို ဖွဲ့စည်းရာတွင် အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်တာဝန်ပေးရမည်။  

(ဂ)     ဗဟိုကော်မတီကို လိုအပ်ပါက ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၇။      ဗဟိုကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)    နိုင်ငံတော်တွင် ကောင်းမွန်လုံခြုံသော အမျိုးသားဆိုက်ဘာနယ်ပယ် ပေါ်ထွန်းရေး အတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ သို့မဟုတ် လုပ်ငန်း စီမံချက်များ ချမှတ်ခြင်း၊

(ခ)     ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ သို့မဟုတ် လုပ်ငန်းစီမံချက် များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများနှင့် ယှဉ်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရန် လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊

(ဂ)     ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်း၊

(ဃ)    ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာမှုခင်း တားဆီးကာကွယ်ရေးတို့အတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်း၊

(င)     ဆိုက်ဘာလုံခြုံရေး၊ ဆိုက်ဘာမှုခင်း တားဆီးကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးအား အထောက်အကူဖြစ်စေရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့် လမ်းညွှန်မှုပေးခြင်း၊

(စ)     အရေးကြီး သတင်းအချက်အလက် အခြေခံအဆောက်အအုံများ၏ ဆိုက်ဘာ လုံခြုံရေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ဆိုက်ဘာလုံခြုံရေးစီမံချက်နှင့်အညီ ပူးပေါင်း ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုပေးခြင်း၊

(ဆ)    အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း အများပြည်သူက ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အအုံ၏ သတင်းအချက်အလက် သိမ်းဆည်းမှုကို သတ်မှတ်ခြင်း၊

(ဇ)     အမျိုးသားဒီဂျစ်တယ်ဓာတ်ခွဲခန်းနှင့် ဒီဂျစ်တယ်ဓာတ်ခွဲခန်းများကို သတ်မှတ်ချက် နှင့်အညီ တည်ထောင်ခွင့်ပြုခြင်း၊

(ဈ)     အွန်လိုင်းငွေကြေးဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ လိုအပ်ပါက မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းကို လမ်းညွှန်မှုပေးခြင်း၊

(ည)    ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာပေးအပ်သော ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၅)

ဦးစီးကော်မတီ ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၈။      ဗဟိုကော်မတီသည် -

(က)    ဤဥပဒေပါ ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် ကြီးကြပ်နိုင်ရန် ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်များ၊ ဆက်စပ်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဒုတိယဥက္ကဋ္ဌများ သို့မဟုတ် အမြဲတမ်းအတွင်းဝန်များ၊ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို အတွင်းရေးမှူးအဖြစ် လည်းကောင်း  ပါဝင်စေလျက် ဦးစီး ကော်မတီကို ဖွဲ့စည်းရမည်။

(ခ)     ဦးစီးကော်မတီကို လိုအပ်ပါက ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ ပြင်ဆင် ဖွဲ့စည်း နိုင်သည်။

(ဂ)     နိုင်ငံ့ဝန်ထမ်းမဟုတ်သော ဦးစီးကော်မတီဝင်များအား ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသည့် စရိတ်နှင့် ချီးမြှင့်ငွေများကို ခံစားခွင့်ပြုနိုင်သည်။

၉။      ဦးစီးကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

(က)    ဗဟိုကော်မတီက ချမှတ်ထားသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒများ၊ မဟာ ဗျူဟာများ သို့မဟုတ် လုပ်ငန်းစီမံချက်များကို လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် ခြင်း၊

 (ခ)    ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ခြင်း၊

(ဂ)     ဆိုက်ဘာတိုက်ခိုက်ခြင်း တစ်စုံတစ်ရာပေါ်ပေါက်ပါက အချိန်မီ တုံ့ပြန်ကာကွယ်မှုစနစ် အား စီမံထားရှိနိုင်ရန် ဆောင်ရွက်ခြင်း၊

(ဃ)    အမျိုးသားဆိုက်ဘာနယ်ပယ် လုံခြုံမှုရှိစေရန် ဆက်စပ်ဝန်ကြီးဌာန သို့မဟုတ် အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(င)     ဆိုက်ဘာလုံခြုံရေး သို့မဟုတ် ဆိုက်ဘာမှုခင်းများနှင့် သက်ဆိုင်သော ကွန်ဗင်းရှင်း များ၊ သဘောတူစာချုပ်များ၊ သဘောတူညီချက်များတွင် နိုင်ငံတော်မှ အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်ရန် သင့် မသင့် ဗဟိုကော်မတီသို့ လေ့လာတင်ပြခြင်း၊

(စ)     နိုင်ငံတော်မှ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်သော ဆိုက်ဘာလုံခြုံရေး သို့မဟုတ် ဆိုက်ဘာ မှုခင်းဆိုင်ရာ ကွန်ဗင်းရှင်းများ၊ သဘောတူစာချုပ်များ၊ သဘောတူညီချက်များ နှင့်အညီ အကောင်အထည်ဖော်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဆ)    ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ဆိုက်ဘာအလွဲ အသုံးပြုခြင်း သို့မဟုတ် ဆိုက်ဘာမှုခင်းများနှင့်သက်ဆိုင်သည့် သတင်းအချက် အလက်များဖလှယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ အရေးယူခြင်းတို့နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဇ)     ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကြံပြုချက်များအား အများပြည်သူသိရှိနိုင်ရန် သတင်း ထုတ်ပြန်ခြင်း၊ အသိပေးကြေညာခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ဆိုက်ဘာ ခြိမ်းခြောက်မှုဖြစ်စဉ်တို့ကို သတင်းထုတ်ပြန်ခြင်း၊ အသိပေးကြေညာခြင်းနှင့် ကြိုတင် ကာကွယ်ခြင်း၊

(ဈ)     အရေးကြီး သတင်းအချက်အလက် အခြေခံအဆောက်အအုံ ကာကွယ်ခြင်းလုပ်ငန်း များကို ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှု အရေးပေါ်စောင့်ကြည့်တုံ့ပြန်ရေးအဖွဲ့များ နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ည)    အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ သတင်းအချက်အလက် များအား သတ်မှတ်ချက်နှင့်အညီ သိမ်းဆည်းခြင်း ရှိ မရှိ စိစစ်ခြင်း၊ ကြီးကြပ်ခြင်း နှင့် လမ်းညွှန်မှုပေးခြင်း၊

(ဋ)     ဆိုက်ဘာလုံခြုံရေးဆိုင်ရာအဖွဲ့ကို စိစစ်ခွင့်ပြုပေးခြင်း၊ ယင်းအဖွဲ့များ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ထုတ်ပြန်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲဖွဲ့စည်း တည်ထောင် ထားသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာအဖွဲ့ကို စိစစ်အရေးယူခြင်း၊

(ဌ)     ဤဥပဒေအရ ကောက်ခံရမည့် လိုင်စင်ကြေး၊ မှတ်ပုံတင်ကြေး၊ ဒဏ်ကြေး သို့မဟုတ် အခြားအခကြေးငွေများကို သတ်မှတ်ခြင်း၊

(ဍ)     ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့်၊ တပ်ဆင်သည့်၊ ပြည်ပမှ တင်သွင်းလာသည့် ဆိုက်ဘာအရင်းအမြစ်များနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ခြင်းနှင့် စံချိန်စံညွှန်း များ သတ်မှတ်ခြင်း၊

(ဎ)     ဤဥပဒေပါ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးရန် လိုအပ်ပါက ဗဟို ကော်မတီ၏ သဘောတူခွင့်ပြုချက်ဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးခြင်း၊

(ဏ)   ဗဟိုကော်မတီသို့ လုပ်ငန်းအစီရင်ခံစာများနှင့် အခြားလိုအပ်သော အစီရင်ခံစာ များအား အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်တင်ပြခြင်း၊

(တ)    ဗဟိုကော်မတီက အခါအားလျော်စွာပေးအပ်သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်း တာဝန်များကို ထမ်းဆောင်ခြင်း။     

၁၀။    ဦးစီးကော်မတီသည် ဗဟိုကော်မတီ၏ သဘောတူခွင့်ပြုချက်ဖြင့် အောက်ပါလုပ်ငန်း ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည် −

(က) ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်းကော်မတီ၊

(ခ)   ဆိုက်ဘာမှုခင်းဆိုင်ရာလုပ်ငန်းကော်မတီ၊

(ဂ)   ဆိုက်ဘာကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊

(ဃ) အခြားလိုအပ်သော လုပ်ငန်းကော်မတီများ။

 

အခန်း (၆)

ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၁၁။    ဦးစီးဌာနသည် ဗဟိုကော်မတီနှင့် ဦးစီးကော်မတီတို့၏ အတွင်းရေးမှူးရုံးအဖွဲ့အဖြစ် ရုံး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်။

၁၂။     ဦးစီးဌာနသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ဦးစီးကော်မတီဝင်များ၏ စရိတ်နှင့် ချီးမြှင့်ငွေ များကို ကျခံရမည်။

၁၃။    ဦးစီးဌာနသည်-

(က)    နိုင်ငံတကာနှင့် ဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ အပြည်ပြည်ဆိုင်ရာ ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက် နိုင်သည်။

(ခ)     နိုင်ငံတကာ သတ်မှတ်ချက်နှင့်အညီ ဆိုက်ဘာလုံခြုံရေး နည်းပညာနှင့် ကျွမ်းကျင်မှု ဆိုင်ရာ အရည်အချင်းစစ်ဆေးခြင်း သို့မဟုတ် ပြိုင်ပွဲများကျင်းပခြင်း ပြုလုပ်ပြီး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်သည်။

(ဂ)     နိုင်ငံတော်အတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဝန်ကြီး ဌာန၏လမ်းညွှန်ချက်နှင့်အညီ ကဏ္ဍအလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်။

(ဃ)    ဆိုက်ဘာလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းလိုင်စင် စည်းကမ်းချက်များနှင့် ဒီဂျစ်တယ် ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင်စည်းကမ်းချက်များကို ဝန်ကြီးဌာန ၏ အတည်ပြုချက်ဖြင့် သတ်မှတ်ရမည်။

(င)     ဤဥပဒေအရ ကောက်ခံရမည့် လိုင်စင်ကြေး၊ မှတ်ပုံတင်ကြေး၊ ဒဏ်ကြေး သို့မဟုတ် အခြားအခကြေးငွေများကို သတ်မှတ်ချက်နှင့်အညီ ကောက်ခံရမည်။

(စ)     ဗဟိုကော်မတီက ချမှတ်ထားသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒများ၊ မဟာ ဗျူဟာများ၊ လုပ်ငန်းစီမံချက်များနှင့် လမ်းညွှန်ချက်များကို တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်ရမည်။

 

အခန်း (၇)

အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ ကာကွယ်ခြင်း

၁၄။    အောက်ပါ အခြေခံအဆောက်အအုံများသည် အရေးကြီးသတင်းအချက်အလက်အခြေခံ အဆောက်အအုံများ ဖြစ်သည် -

(က)    နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ် သတင်းအချက် အလက် အခြေခံ အဆောက်အအုံ၊

(ခ)     အီလက်ထရောနစ်အစိုးရ (e-Government) ဝန်ဆောင်မှုစနစ် အခြေခံ အဆောက် အအုံ၊

(ဂ)     ဘဏ္ဍာရေးဆိုင်ရာအီလက်ထရောနစ် သတင်းအချက်အလက် အခြေခံ အဆောက် အအုံ၊

(ဃ)     သယ်ယူပို့ဆောင်ရေးဆိုင်ရာ အီလက်ထရောနစ် သတင်းအချက်အလက် အခြေခံ အဆောက် အအုံ၊

(င)       ဆက်သွယ်ရေးဆိုင်ရာ အီလက်ထရောနစ် သတင်းအချက်အလက် အခြေခံ အဆောက် အအုံ၊

(စ)     ကျန်းမာရေးဆိုင်ရာ အီလက်ထရောနစ် သတင်းအချက်အလက် အခြေခံ အဆောက် အအုံ၊

(ဆ)    လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အီလက်ထရောနစ် သတင်းအချက်အလက် အခြေခံ အဆောက်အအုံ၊

(ဇ)     ဗဟိုကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အခါအားလျော်စွာ သတ်မှတ်သည့် အီလက်ထရောနစ် သတင်းအချက်အလက် အခြေခံ အဆောက် အအုံ။

၁၅။    ဗဟိုကော်မတီသည် အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံများ သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်းနှင့် အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ စီမံထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကို ညွှန်ကြားရမည်။

         

၁၆။    အရေးကြီး သတင်းအချက်အလက် အခြေခံအဆောက်အအုံနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသည် အောက်ပါအချက်များကို ဆောင်ရွက်ရမည် -

(က)    ဆိုက်ဘာလုံခြုံရေး စီမံချက်များအား သတ်မှတ်ချက်နှင့်အညီ ရေးဆွဲခြင်း၊

(ခ)     ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှု အရေးပေါ်စောင့်ကြည့်တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊

(ဂ)     သင့်လျော်သော ပုဂ္ဂိုလ်အား အရေးကြီး သတင်းအချက်အလက်အခြေခံ အဆောက် အအုံစီမံထိန်းသိမ်းရန် တာဝန်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်း၊

(ဃ)    ဆိုက်ဘာလုံခြုံရေး အစီရင်ခံစာကို ဦးစီးကော်မတီသို့ ပြက္ခဒိန်နှစ် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် တင်သွင်းခြင်း။

၁၇။    အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အအုံစီမံထိန်းသိမ်းရန် တာဝန်ရှိသူသည်-

(က)    အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အအုံနှင့် သက်ဆိုင်သော သတင်း အချက်အလက်များကို အချက်အလက် အဆင့်အတန်းပေါ်မူတည်၍ သတ်မှတ်ချက် နှင့်အညီ သိမ်းဆည်းထားရှိရမည်။

(ခ)     အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အအုံနှင့် သက်ဆိုင်သော သတင်း အချက်အလက်များ ဖြန့်ဝေခြင်း၊ ထုတ်ပြန်ခြင်း၊ ပေးပို့ခြင်း၊ လက်ခံခြင်းနှင့် သိမ်းဆည်းခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်။

(ဂ)     အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ ဆိုက်ဘာလုံခြုံရေး အစီရင်ခံစာကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှတစ်ဆင့် ဝန်ကြီးဌာနသို့ ပြက္ခဒိန်နှစ် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် တင်သွင်းရမည်။

၁၈။    ဝန်ကြီးဌာနသည် ဦးစီးကော်မတီ၏ ကြီးကြပ်မှုဖြင့် အရေးကြီးသတင်းအချက်အလက်အခြေခံ အဆောက်အအုံ စီမံထိန်းသိမ်းရန် တာဝန်ရှိသူက ဆောင်ရွက်ထားသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အဆင်သင့်ဖြစ်မှုအပေါ် သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိကို ကြီးကြပ်စစ်ဆေးရမည်။

အခန်း (၈)

လိုင်စင်ထုတ်ပေးခြင်းနှင့် မှတ်ပုံတင်ခြင်း

၁၉။    ဦးစီးဌာနသည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်သက်တမ်းနှင့် ဒီဂျစ်တယ် ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းမှတ်ပုံတင်သက်တမ်းတို့ကို အနည်းဆုံး သုံးနှစ်မှ အများဆုံး တစ်ဆယ်နှစ် အထိ သတ်မှတ်နိုင်သည်။

၂၀။     ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူသည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသောကုမ္ပဏီဖြစ်ရမည့်အပြင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိရန် သတ်မှတ်ချက်နှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။

၂၁။     ဦးစီးဌာနသည် ပုဒ်မ ၂၀ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က)    လျှောက်ထားချက်သည် သတ်မှတ်ချက်နှင့် ကိုက်ညီပါက လျှောက်ထားသူကို လိုင်စင်ကြေးပေးသွင်းစေ၍ လိုင်စင်ထုတ်ပေးခြင်း၊

(ခ)     သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိပါက လျှောက်ထားသူကို ပြင်ဆင်လျှောက်ထား စေခြင်း သို့မဟုတ် လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း။

၂၂။     ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူသည် လုပ်ငန်းဆက်လက် လုပ်ကိုင်လိုပါက လိုင်စင်သက်တမ်း မကုန်ဆုံးမီ ခြောက်လ ကြိုတင်၍ သတ်မှတ်ချက်နှင့်အညီ ဦးစီးဌာနသို့ လိုင်စင်သက်တမ်းတိုး လျှောက်ထားရမည်။

 

 

၂၃။     ဦးစီးဌာနသည် -

(က)    လိုင်စင်သက်တမ်းတိုးလျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး ခွင့်ပြု ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ခ)     လိုင်စင်သက်တမ်းတိုးခြင်းကို ငြင်းပယ်ပါက ထိုသို့ငြင်းပယ်ခြင်းသည် ကျန်ရှိသော လိုင်စင်သက်တမ်းကို ထိခိုက်ခြင်း မရှိစေရ။

၂၄။     နိုင်ငံတော်အတွင်း အသုံးပြုသူဦးရေ တစ်သိန်းနှင့်အထက်ရှိသော ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင်ထား သောကုမ္ပဏီဖြစ်ရမည့်အပြင်မှတ်ပုံတင်ခွင့်ပြုရန်သတ်မှတ်ချက်နှင့်အညီဦးစီးဌာနသို့ လျှောက်ထား ရမည်။

၂၅။     ဦးစီးဌာနသည် ပုဒ်မ ၂၄ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

(က)    လျှောက်ထားချက်သည် သတ်မှတ်ချက်နှင့် ကိုက်ညီပါက လျှောက်ထားသူကို မှတ်ပုံတင်ကြေးပေးသွင်းစေ၍ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊

(ခ)     သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိပါက လျှောက်ထားသူကို ပြင်ဆင်လျှောက်ထား စေခြင်း သို့မဟုတ် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်ခြင်း။     

၂၆။     ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူသည် လုပ်ငန်းဆက်လက် လုပ်ကိုင်လိုပါက မှတ်ပုံတင်သက်တမ်း မကုန်ဆုံးမီ ခြောက်လ ကြိုတင်၍ သတ်မှတ်ချက်နှင့်အညီ ဦးစီးဌာနသို့ မှတ်ပုံတင်သက်တမ်းတိုး လျှောက်ထားရမည်။

၂၇။     ဦးစီးဌာနသည် -

(က)    မှတ်ပုံတင်သက်တမ်းတိုးလျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ခ)     မှတ်ပုံတင်သက်တမ်းတိုးခြင်းကို ငြင်းပယ်ပါက ထိုသို့ငြင်းပယ်ခြင်းသည် ကျန်ရှိသော မှတ်ပုံတင်သက်တမ်းကို ထိခိုက်ခြင်း မရှိစေရ။

၂၈။     ဆိုက်ဘာလုံခြုံရေးဆိုင်ရာအဖွဲ့သည် နိုင်ငံတော်အတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လှုပ်ရှားမှု များကို အကျိုးအမြတ်ရယူခြင်းမရှိဘဲ ဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်နှင့်အညီ ဦးစီးကော်မတီ၏ ခွင့်ပြုချက်ကို ရယူရမည်။

 

 

 

အခန်း (၉)

ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ၏တာဝန်များ

၂၉။     ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူသည် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမည်-

(က)    ဆောင်ရွက်မည့်လုပ်ငန်း သို့မဟုတ် ကဏ္ဍအလိုက် သက်ဆိုင်ရာဥပဒေများနှင့်အညီ လိုအပ်သော ခွင့်ပြုမိန့် သို့မဟုတ် အထောက်အထားရယူခြင်း၊

(ခ)     ဦးစီးဌာနနှင့် ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှု အရေးပေါ်စောင့်ကြည့်တုံ့ပြန်ရေးအဖွဲ့ များအား အထောက်အကူပြုနိုင်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကြိုတင် ကာကွယ်မှု အစီအမံများ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(ဂ)     ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှု အလားအလာကို သတိပေးခြင်းနှင့် ကြိုတင် ကာကွယ်ခြင်းဆိုင်ရာလုပ်ငန်းများကို အကြံပေးခြင်း၊

(ဃ)    မောလ်ဝဲရ် (Malware) သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်ခြင်းကို အရေးပေါ် တုံ့ပြန်ရန် အစီအစဉ်နှင့် ဖြေရှင်းနည်းများ ရေးဆွဲထားရှိခြင်း၊

(င)     မောလ်ဝဲရ် (Malware) သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်ခြင်း ဖြစ်ပေါ်သည့်အခါ သင့်လျော်သော အရေးပေါ်တုံ့ပြန်ရန် အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော် ခြင်း၊ တုံ့ပြန်ဖြေရှင်းခြင်းနှင့် အကျိုးသက်ဆိုင်သူအား အသိပေးခြင်း၊

(စ)     ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာနှင့် လိုအပ်သော နိုင်ငံတကာစံနှုန်းများကို ကျင့်သုံးခြင်း၊

(ဆ)    ဝန်ဆောင်မှုကို ရယူအသုံးပြုသူများ၏ သတင်းအချက်အလက်များ ပေါက်ကြားခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ခြင်း၊

(ဇ)     ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ထူးခြားဖြစ်စဉ်ဖြစ်ပေါ်ပါက ဦးစီးဌာနသို့ ချက်ချင်း အကြောင်းကြားခြင်း၊

(ဈ)     လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာခြင်း၊

(ည)    ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လုပ်ငန်းအစီရင်ခံစာကို သတ်မှတ်ချက်နှင့်အညီ ပြုစုပြီး ဦးစီးဌာနသို့ တင်ပြခြင်း။

၃၀။      ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် အောက်ပါတို့ကို လိုက်နာ ဆောင်ရွက်ရမည် -

(က)  ဆောင်ရွက်မည့်လုပ်ငန်း သို့မဟုတ် ကဏ္ဍအလိုက် သက်ဆိုင်ရာဥပဒေနှင့်အညီ လိုအပ်သော ခွင့်ပြုမိန့် သို့မဟုတ် အထောက်အထားရယူခြင်း၊

(ခ)    ဝန်ဆောင်မှုကိုရယူအသုံးပြုသူ၏ အချက်အလက်အဆင့်အတန်းအပေါ် မူတည်၍ အချက်အလက်များ သိမ်းဆည်းထားသော ပစ္စည်းကို သတ်မှတ်ချက်နှင့်အညီ ထားရှိခြင်း၊

          (ဂ)    ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းမှ တစ်ဆင့် ဆက်စပ်စီးပွားရေး လုပ်ငန်း တစ်ရပ်ရပ် သို့မဟုတ် အကျိုးအမြတ်ရယူ ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လိုပါက သက်ဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊

          (ဃ)  မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များကို လိုက်နာခြင်း။

၃၁။    ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် ဝန်ဆောင်မှုပေးသည့် ပလက်ဖောင်းတွင် အောက်ပါအချက်တစ်ရပ်ရပ်ဖြစ်ပေါ်ပါက ယင်းနှင့်သက်ဆိုင်သော သတင်း အချက်အလက်နှင့် ဆိုက်ဘာအရင်းအမြစ်ကို သိရှိနိုင်ရန် လုံလောက်သော အစီအမံများ ထားရှိ ရမည်-

(က)    အမုန်းတရားကိုဖြစ်စေသော၊ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသော သို့မဟုတ် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော သတင်းအချက်အလက်များဖြစ်ပေါ်ခြင်း၊

(ခ)     မမှန်သတင်း သို့မဟုတ် ကောလာဟလသတင်းများဖြစ်ပေါ်ခြင်း၊

(ဂ)     အများပြည်သူ ကြည့်ရှုခြင်းငှာ မသင့်လျော်သော သတင်းအချက်အလက်များကို ဖော်ပြခြင်း၊

(ဃ)    လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့်ဖော်ပြသော ကလေးသူငယ်၏ ညစ်ညမ်းပုံ၊ ညစ်ညမ်းဗီဒီယို၊ စာသားများ သို့မဟုတ် သင်္ကေတများကို တစ်နည်းနည်းဖြင့် ဖော်ပြခြင်း၊

(င)     တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ဆန့်ကျင်သည့် သတင်းအချက်အလက်များကို ဖော်ပြခြင်း သို့မဟုတ် ဥပဒေနှင့်မညီသော ပြုလုပ်မှုကို ပြုလုပ်ခြင်း၊

(စ)     လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လူမှုရေး သို့မဟုတ် စီးပွားရေးကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ဖော်ပြသော သတင်းအချက်အလက်နှင့်စပ်လျဉ်းသည့် တိုင်ကြားချက် ဖြစ်ပေါ်ခြင်း၊

(ဆ)    မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခြင်းနှင့်စပ်လျဉ်းသည့် တိုင်ကြားချက် ဖြစ်ပေါ်ခြင်း၊

(ဇ)     အကြမ်းဖက်မှုဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ ကျူးလွန်ခြင်း၊ အားထုတ်ခြင်း၊ အားပေးကူညီခြင်း သို့မဟုတ် ကြံရာပါအဖြစ် ဆောင်ရွက်ခြင်း။

၃၂။     ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် ပုဒ်မ ၃၁ ပါ အချက် တစ်ရပ်ရပ်ဖြစ်ပေါ်ကြောင်း တစ်နည်းနည်းဖြင့် သိရှိလျှင်ဖြစ်စေ၊ ဦးစီးဌာနက အကြောင်းကြား လျှင်ဖြစ်စေ ၎င်းတို့ကို တားဆီးခြင်း၊ ဖယ်ရှားခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့ကို သတ်မှတ်ချက်နှင့်အညီ အချိန်မီဆောင်ရွက်ရမည်။

၃၃။    ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူသည် ဝန်ဆောင်မှုကို ရယူအသုံးပြု သူနှင့် သက်ဆိုင်သော အောက်ပါအချက်အလက်များကို သုံးနှစ်အထိ ထိန်းသိမ်းထားရမည် -

(က)    ဝန်ဆောင်မှုကိုရယူအသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ၊

(ခ)     ဝန်ဆောင်မှုကိုရယူအသုံးပြုသူ၏ အသုံးပြုမှုမှတ်တမ်းများ၊

(ဂ)     ဦးစီးဌာနက အခါအားလျော်စွာသတ်မှတ်သော အချက်အလက်များ။

၃၄။    တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အခွင့်အာဏာ ရရှိထားသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက ပုဒ်မ ၃၃ ပါ အချက်အလက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ စာဖြင့် တောင်းခံလျှင် ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် သတ်မှတ်ချက်နှင့်အညီ ထုတ်ပေး ရမည်။

၃၅။      ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ သို့မဟုတ် ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် သက်ဆိုင်ရာလုပ်ငန်းကော်မတီက ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံးပြုခြင်းဖြစ်စဉ်တစ်ခုခုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည်။

အခန်း (၁၀)

ဆိုက်ဘာအလွဲအသုံးပြုခြင်း

၃၆။    တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ခြင်းများမှအပ ဆိုက်ဘာအရင်းအမြစ်ကိုဖြစ်စေ၊ ကွန်ပျူတာစနစ်၏ ဆောင်ရွက်နိုင်မှုကို ဖြစ်စေ ထိခိုက်စေရန် ခွင့်ပြုပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက် မရှိဘဲ အောက်ပါတို့ကို တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းသည် ဆိုက်ဘာအလွဲအသုံးပြုခြင်း ဖြစ်သည် -

(က)    ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် သတင်းအချက်အလက်ကို ဖြစ်စေ၊ ယင်းတို့၏ အခြေအနေ သို့မဟုတ် အရည်အသွေးကိုဖြစ်စေ မရိုးမဖြောင့်သော သဘောဖြင့် ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊

(ခ)     ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် သတင်းအချက်အလက်ကို ‌‌ရောင်းချခြင်း၊ မူလနေရာမှ အခြားနေရာသို့ ဖြစ်စေ၊ အခြားဆိုက်ဘာအရင်းအမြစ် သို့မဟုတ် သိမ်းဆည်းနိုင်သည့် ပစ္စည်းတစ်ခုခုသို့ ဖြစ်စေ မရိုးမဖြောင့်သောသဘော ဖြင့် ရွှေ့ပြောင်းခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ကူးယူခြင်း၊

(ဂ)     ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် အီလက်ထရောနစ် သတင်း အချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ရယူခြင်း၊ ဆောင်ရွက်ခြင်း သို့မဟုတ် အသုံးပြုခြင်း၊

(ဃ)    ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် အီလက်ထရောနစ် သတင်း အချက်အလက်ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းလဲစေခြင်း၊ စွမ်းဆောင်ရည် ထိခိုက်စေခြင်း သို့မဟုတ် မူလအနေအထားကို တစ်နည်းနည်းဖြင့် ပြောင်းလဲစေခြင်း၊

(င)     ကွန်ပျူတာစနစ်ကိုဖြစ်စေ၊ ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် အီလက်ထရောနစ် သတင်းအချက်အလက်ကိုဖြစ်စေ ထိန်းချုပ်ခြင်း သို့မဟုတ် ချိတ်ဆက်ထိန်းချုပ်ခြင်း၊

(စ)     ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် သတင်းအချက်အလက် တစ်ရပ် ရပ်ကို မရိုးမဖြောင့်သောသဘောဖြင့် အချက်အလက် ဆန်းစစ်ခြင်း။

 

အခန်း (၁၁)

ဆိုက်ဘာမှုခင်းများဖော်ထုတ်ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်ခြင်းများအား ကာကွယ်ခြင်း

၃၇။      ဤဥပဒေအရ ဦးစီးကော်မတီက ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများသည် ဦးစီးကော်မတီ ၏ ကြီးကြပ်မှုဖြင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည် -

 (က)   ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာ အလွဲအသုံးပြုခြင်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီးခြင်း၊

(ခ)     ဆိုက်ဘာမှုခင်းများကို စုံစမ်းဖော်ထုတ်ရာတွင် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအား အကူအညီပေးခြင်းနှင့် ဆိုက်ဘာမှုခင်းများ၏ အန္တရာယ်ကို အကဲဖြတ်ခြင်း၊

(ဂ)     ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာ အလွဲအသုံးပြုခြင်းဖြစ်စဉ်မှ တစ်ဆင့်ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အန္တရာယ်များ မဖြစ်ပေါ်စေရန် ကာကွယ်တားဆီးခြင်း၊

(ဃ)    ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာ အလွဲအသုံးပြုခြင်းဖြစ်စဉ်ဖြစ်ပေါ်နိုင်မှု အလားအလာနှင့် ဖြစ်ပွားလာပါက သက်ရောက် နိုင်မှု အလားအလာတို့ကို အကဲဖြတ်ခြင်း၊

(င)     သက်ဆိုင်ရာကဏ္ဍအလိုက် ဆိုက်ဘာလုံခြုံရေးအဆင့်၏အားသာချက်နှင့် အားနည်းချက် တို့ကိုစောင့်ကြည့်အကဲဖြတ်ပြီး ဆိုက်ဘာလုံခြုံရေးအဆင့်မြှင့်တင်နိုင်ရေး သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကို အကြံပြုခြင်း၊

(စ)     ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာ အလွဲအသုံးပြုခြင်းတို့ကို စိစစ်ဖော်ထုတ် အရေးယူခြင်း၊

(ဆ)    ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ သို့မဟုတ် ဒီဂျစ်တယ် ပလက်ဖောင်းဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူ၏ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အကဲဖြတ်ခြင်း၊

(ဇ)     အမျိုးသားဒီဂျစ်တယ်ဓာတ်ခွဲခန်းနှင့် ဒီဂျစ်တယ်ဓာတ်ခွဲခန်းများအတွက် နည်းပညာ အကူအညီပေးခြင်း။                                                                                                                                                                                                                                                                                                                                                                                                                            

၃၈။    သက်ဆိုင်ရာလုပ်ငန်းကော်မတီသည် ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက် ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံးပြုခြင်း ဖြစ်စဉ်တစ်ခုခုနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရသော အောက်ပါ ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ဆိုက်ဘာအရင်းအမြစ်ကို သတ်မှတ်ချက်နှင့်အညီ သိမ်းဆည်းပြီး အချက်အလက် ဆန်းစစ်ခြင်း ပြုလုပ်နိုင်သည် -

(က)    ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာ အလွဲအသုံးပြုခြင်းဖြစ်စဉ်တစ်ခုခုနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရသော ဆိုက်ဘာ အရင်းအမြစ်ကို အသုံးပြုသူ သို့မဟုတ် အသုံးပြုခဲ့သည်ဟု သံသယရှိသူ၊

(ခ)     ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ဆက်စပ်မှုရှိသူ။

၃၉။    သက်ဆိုင်ရာလုပ်ငန်းကော်မတီသည် ဆိုက်ဘာအရင်းအမြစ်ကို အချက်အလက် ဆန်းစစ်ခြင်း နှင့် ဒီဂျစ်တယ်ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းတို့ ပြုလုပ်ပြီးပါက ယင်းဆိုက်ဘာအရင်းအမြစ်ကို အပ်နှံသူထံ သတ်မှတ်ချက်နှင့်အညီ ပြန်လည်ပေးအပ်ရမည်။

၄၀။    ဝန်ကြီးဌာနသည် အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း ဆိုက်ဘာလုံခြုံ‌ရေးခြိမ်းခြောက် ခြင်း သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်ခြင်းတို့ကို ကာကွယ်တားဆီးရေးအတွက် ကြိုတင်သိရှိနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အချက်အလက်ဆန်းစစ်ခြင်းနှင့် ဒီဂျစ်တယ် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းများ ပြုလုပ်ရန် သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်အား တာဝန်ပေးအပ်နိုင်သည်။

၄၁။    ဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် သော ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် ပုဒ်မ ၄၀ အရ အချက်အလက် ဆန်းစစ်ခြင်းနှင့် ဒီဂျစ်တယ် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းများ ပြုလုပ်နိုင်ရန် လိုအပ်သည်များကို ပံ့ပိုးပေးရမည်။

၄၂။     ဝန်ကြီးဌာနသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများအတွက်သော် လည်းကောင်း၊ အများပြည်သူတို့၏အကျိုးအတွက်သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ညှိနှိုင်းလာလျှင်သော်လည်းကောင်း ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းကို လိုအပ်ပါက ဝင်ရောက်စစ်ဆေးခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ဆောင်ရွက်နိုင်သည်။

၄၃။      ဝန်ကြီးဌာနသည် အများပြည်သူအကျိုးအတွက် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည် -

(က)    ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် အီလက်ထရောနစ် သတင်းအချက်အလက်ကို ယာယီပိတ်ပင်ခြင်း၊

(ခ)     ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်သော ပစ္စည်းများကို ယာယီထိန်းချုပ်ခြင်း၊

(ဂ)     ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်အား ပိတ်သိမ်းခြင်း သို့မဟုတ် အများပြည်သူ အသုံးပြုရန် မသင့်ကြောင်း ကြေညာခြင်း။

၄၄။    အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း ဗီပီအန်ကို ထူထောင်ခြင်း သို့မဟုတ် ဗီပီအန် ဝန်ဆောင်မှု ပေးခြင်း ပြုလုပ်လိုသူသည် သတ်မှတ်ချက်နှင့်အညီ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူရမည်။

 

အခန်း (၁၂)

သက်သေခံပစ္စည်းသိမ်းဆည်းခြင်းနှင့် ကျွမ်းကျင်သူ၏ သက်သေခံချက်တင်သွင်းခြင်း

၄၅။    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဤဥပဒေနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဆိုက်ဘာလုံခြုံရေး သို့မဟုတ် ဆိုက်ဘာမှုခင်းဆိုင်ရာကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် အီလက်ထရောနစ်သက်သေခံ ပစ္စည်းများကို သတ်မှတ်ချက်နှင့်အညီ သိမ်းဆည်းနိုင်သည်။

၄၆။    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဆိုက်ဘာမှုခင်းကို စုံစမ်းဖော်ထုတ်ရာတွင် စုံစမ်းစစ်ဆေးသော ကိစ္စရပ်နှင့် သက်ဆိုင်သည်ဟု ယူဆရသော ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူ နည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို သတ်မှတ်ချက်များနှင့်အညီ သိမ်းဆည်းပြီး အချက်အလက် ဆန်းစစ်ခြင်း သို့မဟုတ် ဒီဂျစ်တယ်ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။

၄၇။    သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ဤဥပဒေနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ အီလက်ထရောနစ်စနစ်ဖြင့် သိမ်းဆည်းထားသော အီလက်ထရောနစ် သက်သေခံပစ္စည်းများကို ဖော်ထုတ်ခြင်း၊ ရယူခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အစီရင်ခံခြင်းတို့ ဆောင်ရွက်နိုင်ရန် အမျိုးသားဒီဂျစ်တယ်ဓာတ်ခွဲခန်း  သို့မဟုတ် ဒီဂျစ်တယ် ဓာတ်ခွဲခန်းတို့ကို ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် တည်ထောင်နိုင်သည်။

၄၈။    ဦးစီးကော်မတီသည် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် တည်ထောင်ထားသော အမျိုးသား ဒီဂျစ်တယ်ဓာတ်ခွဲခန်းနှင့် ဒီဂျစ်တယ်ဓာတ်ခွဲခန်းများအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ဖြည့်ဆည်းရေးနှင့် နည်းပညာအကူအညီရရှိရေးတို့ကို ကူညီဆောင်ရွက်ပေးရမည်။

၄၉။      စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အီလက်ထရောနစ်စနစ်ဖြင့် သိမ်းဆည်းထားသော အီလက်ထရောနစ် သက်သေခံပစ္စည်းများကို အမျိုးသားဒီဂျစ်တယ်ဓာတ်ခွဲခန်း သို့မဟုတ် ဒီဂျစ်တယ်ဓာတ်ခွဲခန်းသို့ ပေးပို့၍ အချက်အလက် ဖော်ထုတ်ခြင်း၊ ရယူခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ဆောင်ရွက်ပြီး ရရှိလာသည့် စစ်ဆေးတွေ့ရှိချက်ရလဒ် အစီရင်ခံစာနှင့် ထင်မြင်ချက်အား ဦးစီးကော်မတီ သို့မဟုတ် သက်ဆိုင်ရာတရားရုံးသို့ သတ်မှတ်ချက်နှင့်အညီ ကျွမ်းကျင်သူ၏ သက်သေခံချက်အဖြစ် သက်သေခံတင်သွင်းနိုင်သည်။

၅၀။   (က)     အီလက်ထရောနစ် စာတမ်းအမှတ်အသားအဖြစ် သက်သေခံတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက အမျိုးသားဒီဂျစ်တယ် ဓာတ်ခွဲ ခန်းသို့ ပေးပို့စစ်ဆေးရမည်။

(ခ) အမျိုးသားဒီဂျစ်တယ် ဓာတ်ခွဲခန်း၏ စစ်ဆေးတွေ့ရှိချက်ရလဒ် အစီရင်ခံစာနှင့် ထင်မြင်ချက်သည် နောက်ဆုံးအတည် ဖြစ်သည်။

 

အခန်း (၁၃)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၅၁။    ဦးစီးဌာနသည် ပုဒ်မ ၂၉ သို့မဟုတ် ၃၅ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် -

          (က)    သတိပေးခြင်း၊

          (ခ)     ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊

          (ဂ)     လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ယာယီ ရပ်ဆိုင်းခြင်း၊

(ဃ)    လိုင်စင်ကို ပယ်ဖျက်ခြင်း။

၅၂။     ဦးစီးဌာနသည် ပုဒ်မ ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄ သို့မဟုတ် ၃၅ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သည့် ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် -

          (က)    သတိပေးခြင်း၊

          (ခ)     ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊

          (ဂ)     မှတ်ပုံတင်လက်မှတ်ကို ကာလ အကန့်အသတ်ဖြင့် ယာယီ ရပ်ဆိုင်းခြင်း၊

(ဃ)    မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်းနှင့် အမည်ပျက်စာရင်း ကြေညာခြင်း။

၅၃။    ဦးစီးကော်မတီသည် ခွင့်ပြုချက်မရှိဘဲ ဖွဲ့စည်းတည်ထောင်ထားသော သို့မဟုတ် စည်းကမ်း ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာအဖွဲ့ကို ဖျက်သိမ်းပြီး ယင်းအဖွဲ့၏ ရန်ပုံငွေအပါအဝင် အဖွဲ့က ပိုင်ဆိုင်သော ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်။

 

 

အခန်း (၁၄)

အယူခံခြင်း

၅၄။    ဦးစီးဌာနက ပုဒ်မ ၂၁ အရ လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ ပုဒ်မ ၂၃ အရ လိုင်စင် သက်တမ်းတိုးပေးရန် ငြင်းပယ်ခြင်း သို့မဟုတ် ပုဒ်မ ၂၅ အရ မှတ်ပုံတင်ပေးရန် ငြင်းပယ်ခြင်း၊ ပုဒ်မ ၂၇ အရ မှတ်ပုံတင်သက်တမ်းတိုးရန် ငြင်းပယ်ခြင်းကို ကျေနပ်မှုမရှိသူသည် ယင်းဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်နှင့်အညီ ဝန်ကြီး ဌာနသို့ အယူခံနိုင်သည်။

၅၅။    ပုဒ်မ ၅၁ သို့မဟုတ် ၅၂ အရ ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာအရေးယူမှုတစ်ရပ်ရပ်ကို ကျေနပ်မှုမရှိသူသည် ယင်းဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်နှင့်အညီ ဝန်ကြီးဌာနသို့ အယူခံနိုင်သည်။

၅၆။    ဝန်ကြီးဌာနသည် ပုဒ်မ ၅၄ သို့မဟုတ် ၅၅ အရ အယူခံခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၅၇။    ပုဒ်မ ၅၆ အရ ဝန်ကြီးဌာနက ချမှတ်သော ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ကို‌ ကျေနပ်မှု မရှိသူသည် ယင်းဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ချက်နှင့်အညီ ဗဟိုကော်မတီသို့ အယူခံနိုင်သည်။

၅၈။    ဗဟိုကော်မတီသည် ပုဒ်မ ၅၇ အရ အယူခံခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၅၉။    ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်နှင့် အတည်ဖြစ်သည်။

အခန်း (၁၅)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၆၀။    နိုင်ငံ့ဝန်ထမ်းမဟုတ်သော အရေးကြီး သတင်းအချက်အလက် အခြေခံအဆောက်အအုံစီမံ ထိန်းသိမ်းရန်တာဝန်ရှိသူသည် ပုဒ်မ ၁၇ ပုဒ်မခွဲ (က) သို့မဟုတ် (ခ) ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း တစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၆၁။    မည်သူမဆို အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ အီလက် ထရောနစ် သတင်းအချက်အလက်အား ခွင့်ပြုချက်မရှိဘဲ နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူ ခြင်း၊ ထိခိုက်စေခြင်း၊ ဥပဒေနှင့်မညီဘဲ ပေးပို့ခြင်း၊ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်း၊ ထုတ်ဖော်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် ကြိုးပမ်း အားထုတ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၆၂။     မည်သူမဆို ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ ဆောင်ရွက် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် -

(က)    ထိုသူကို အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

(ခ)     ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းတစ်ရာအောက်မနည်းသော ငွေဒဏ်ချမှတ် ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၆၃။    မည်သူမဆို     ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်သက်တမ်းတိုးခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းငါးဆယ် ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၆၄။     နိုင်ငံတော်အတွင်း အသုံးပြုသူဦးရေ တစ်သိန်းနှင့်အထက်ရှိသော ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် မှတ်ပုံတင်ခြင်းမရှိဘဲ ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်းတစ်ထောင်အောက် မလျော့သော ငွေဒဏ်ချမှတ် ရမည့်အပြင် အမှုနှင့် သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ရမည်။

၆၅။     မည်သူမဆို     ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းကို မှတ်ပုံတင်သက်တမ်း တိုးခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်းငါးရာအောက် မလျော့သော ငွေဒဏ်ချမှတ်ရမည်။

၆၆။    မည်သူမဆို ပုဒ်မ ၃၆ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ) သို့မဟုတ် (ဃ) ပါ ဆိုက်ဘာအလွဲ အသုံးပြုခြင်းတစ်မျိုးမျိုးကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၆၇။    မည်သူမဆို ပုဒ်မ ၃၆ ပုဒ်မခွဲ (င) သို့မဟုတ် (စ) ပါ ဆိုက်ဘာအလွဲအသုံးပြုခြင်း တစ်မျိုးမျိုးကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၆၈။    မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ပြုလုပ်ရန် ခိုင်းစေကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -

(က)    ဆိုက်ဘာအရင်းအမြစ်ကို ပျက်စီးစေနိုင်သော လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း သို့မဟုတ် မောလ်ဝဲရ် (Malware) ထည့်သွင်းခြင်း သို့မဟုတ် ဝင်ရောက်စေခြင်း၊

(ခ)     ဆိုက်ဘာအရင်းအမြစ်အား ရယူပိုင်ခွင့်ရှိသူကို ယင်းစနစ်အတွင်းသို့ ဝင်ရောက် နိုင်ခြင်း မရှိစေရန် ပြုလုပ်ခြင်း၊

(ဂ)     ဆိုက်ဘာအရင်းအမြစ်အတွင်းရှိ သတင်း အချက်အလက်ကို ဖျက်ဆီးခြင်း၊ ဖယ်ထုတ်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ယင်း၏ အသုံးဝင်မှုကို ယုတ်လျော့ စေခြင်း သို့မဟုတ် အကျိုးသက်ရောက်မှုကို ထိခိုက်စေခြင်း၊

(ဃ)    ကွန်ပျူတာရှိ ပင်ရင်းကုဒ်သင်္ကေတ (Source Code) များကို ပျက်စီးစေရန် ရည်ရွယ် ၍ ခိုးယူခြင်း၊ အသုံးပြုခွင့် မရအောင် ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းလဲခြင်း၊

(င)     ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ လိမ်လည်လှည့်ဖြားခြင်း၊

(စ)     အခြားသူကို ထိခိုက်နစ်နာစေရန် သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေရန် သတင်း အချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ထားသော အချက်အလက်ကို ဖြန့်ဝေခြင်း၊

(ဆ)    ကွန်ရက်အား အသုံးပြု၍ မလိုလားအပ်သော သို့မဟုတ် တောင်းဆိုထားခြင်း မရှိသော စာတိုပေးပို့ခြင်း၊ အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် အချက်အလက် ပေးပို့ခြင်း။

၆၉။    မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ အခြားသူ၏ အွန်လိုင်းငွေကြေးတစ်ရပ်ရပ်ကို ခိုးယူခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်းကို ကျူးလွန်ကြောင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ပြုလုပ်ရန် ခိုင်းစေကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး နှစ်နှစ်မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၇၀။    မည်သူမဆို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုရယူခြင်းမရှိဘဲ ဗီပီအန်ကို ထူထောင်ခြင်း သို့မဟုတ် ဗီပီအန်ဝန်ဆောင်မှုပေးခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် -

(က)    ထိုသူကို အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

(ခ)     ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းတစ်ရာအောက်မနည်းသော ငွေဒဏ်ချမှတ် ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၇၁။    မည်သူမဆို ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းပြုလုပ် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် -

(က)    ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သောပစ္စည်း များကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

(ခ)     ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းနှစ်ရာ အောက်မနည်းသော ငွေဒဏ်ချမှတ် ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၇၂။       မည်သူမဆို အများပြည်သူ ကြည့်ရှုခြင်းငှာ မသင့်လျော်သော သတင်းအချက်အလက်များကို အီလက်ထရောနစ် နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၇၃။    မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် -

(က)    ထိုသူကို အနည်းဆုံး တစ်လမှ အများဆုံး သုံးလအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း တစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

(ခ)     ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းတစ်ရာအောက်မနည်းသော ငွေဒဏ် ချမှတ် ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၇၄။    မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ပြစ်မှု ကျူးလွန်ရာတွင် ပူးပေါင်းကြံစည်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။

 

အခန်း (၁၆)

အထွေထွေ

၇၅။    ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် သက်သေခံပစ္စည်း သည် တရားရုံးရှေ့သို့ တင်ပို့ရန်မလွယ်ကူသောပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အစီရင်ခံစာနှင့် စာရွက်စာတမ်း အထောက် အထားများဖြင့် သက်ဆိုင်ရာ တရားရုံးသို့ တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်းတင်ပြဘိသကဲ့သို့မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြုနိုင်သည်။

၇၆။    ဤဥပဒေ အာဏာမတည်မီက ဖွဲ့စည်းတည်ထောင်ထားသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အဖွဲ့သည် ဤဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ ခြောက်လအတွင်း ခွင့်ပြုချက် ရယူရမည်။

၇၇။    ဦးစီးဌာနသည် ဤဥပဒေအရ ရရန်ရှိသော အခကြေးငွေနှင့် ဒဏ်ကြေးငွေများကို အခွန် မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အရကောက်ခံရမည်။

၇၈။    (က) ဤဥပဒေပါ ကိစ္စရပ်များကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါက ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ခ)     ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သူသည် ပြည်ပတွင်ကျူးလွန်သည့် နိုင်ငံခြားသားဖြစ်ပါက တရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက် ရမည်။

၇၉။    အရေးကြီး သတင်းအချက်အလက် အခြေခံအဆောက်အအုံစီမံထိန်းသိမ်းရန် တာဝန်ရှိသူသည် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ပုဒ်မ ၁၇ ပုဒ်မခွဲ (က) သို့မဟုတ် (ခ) ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ကြောင်း စစ်ဆေးတွေ့ရှိလျှင် ထိုသူကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူရမည်။

၈၀။    နိုင်ငံ့ဝန်ထမ်း မဟုတ်သော ဦးစီးကော်မတီ သို့မဟုတ် လုပ်ငန်းကော်မတီ သို့မဟုတ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးဦးသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်စဉ်တွင် ယင်းတို့အား ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်း ဖြစ်သည်ဟု မှတ်ယူရမည်။

၈၁။    ဤဥပဒေအရ တာဝန်ဝတ္တရားနှင့် လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရ၍ သဘောရိုးဖြင့် ဆောင်ရွက်သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်ကို တရားစွဲဆိုခြင်း မပြုရ။

၈၂။     ဤဥပဒေအရ တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။

၈၃။    ဤဥပဒေပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက ဤဥပဒေအရသာ အရေးယူရမည်။

၈၄။    ပုဒ်မ ၆၀၊ ၆၂၊ ၆၄၊ ၆၆၊ ၆၈၊ ၇၁ နှင့် ၇၂ ပါပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများ အဖြစ် သတ်မှတ်သည်။

၈၅။    ဤဥပဒေအရ စီမံခန့်ခွဲရေးဆိုင်ရာအရေးယူခံရခြင်း သို့မဟုတ် ပြစ်မှုကြောင်းအရ တရား စွဲဆို ခံရခြင်းသည် ယင်းကိစ္စရပ်ကြောင့် အများပြည်သူနစ်နာဆုံးရှုံးမှုများ ဖြေရှင်းဆောင်ရွက်ရန် တာဝန်ရှိပါက အရေးယူခံရသူ သို့မဟုတ် ပြစ်မှုကျူးလွန်သူအား ယင်းတာဝန်ရှိမှုမှ ကင်းလွတ်သည်ဟု မှတ်ယူခြင်းမပြုရ။

၈၆။    ဗဟိုကော်မတီ သို့မဟုတ် ဦးစီးကော်မတီသည် -

(က)    အများပြည်သူ အကျိုးငှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား ဤဥပဒေအရ လိုအပ်သော ခွင့်ပြုချက်၊ လိုင်စင် သို့မဟုတ် မှတ်ပုံတင်ခြင်းတို့မှလည်းကောင်း၊ အခကြေးငွေ များကို ပေးဆောင်ရခြင်းမှလည်းကောင်း ကင်းလွတ်ခွင့်ပြုနိုင်သည်။

(ခ)     နိုင်ငံတော်အရေးပေါ် အခြေအနေနှင့် ဆက်နွှယ်သည့် ကိစ္စရပ်များ၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရန် မလိုဘဲ ဤဥပဒေအရ လိုအပ်သော ခွင့်ပြုချက် သို့မဟုတ် လိုင်စင်တို့ကို ရယူခြင်းမှလည်းကောင်း၊ အခကြေးငွေများကို ပေးဆောင်ရခြင်းမှ လည်းကောင်း ကင်းလွတ်ခွင့်ပြုနိုင်သည်။

(ဂ)     ပုဒ်မခွဲ (ခ) အရ ကင်းလွတ်ခွင့်ပြုသည့် ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြရမည်။

၈၇။    ဝန်ကြီးဌာနသည် ဤဥပဒေပါ နည်းပညာဆိုင်ရာစကားရပ်တစ်ခုခု သို့မဟုတ် ဘာသာရပ် ဆိုင်ရာစကားရပ်တစ်ခုခု၏ အဓိပ္ပာယ်ကို ရှင်းလင်းပေးရန် လိုအပ်လျှင် ဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍   ရှင်းလင်းပေးနိုင်သည်။

၈၈။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -

(က)    ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ)               ဗဟိုကော်မတီ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် ဦးစီးဌာနတို့သည် အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

 

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

 

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ